ထောကွန်း (သတင်းဆောင်းပါး)
“အရင်တုန်းကတော့ သီတင်းကျွတ်ရောက်ပြီးဆိုရင် နေအိမ်အပြင်မှာရော၊ ဘုရားဝင်းတွေထဲမှာရော မီးတွေထွန်းတယ်၊ မုန့်တွေစုလုပ်ကြတယ်။ ခုခေတ်ကတော့ သီတင်းကျွတ်ဆိုတာနဲ့ ခေတ်ပေါ်ဂီတတွေ ရှိုးပွဲတွေ၊ သောက်စားမူးယစ်တာတွေက ပိုများလာတယ်” ဟု ရေးမြို့နယ်မှ သက်ကြီးရွယ်အိုတစ်ဦးက ညည်းတွားလိုက်သည်။
သီတင်းကျွတ်လပြည့် အခါသမယသည် မြတ်စွာဘုရားရှင် တာဝတိံ သာနတ်ပြည်မှ လူ့ပြည်သို့ သက် ဆင်းတော်မူသည်ကို ရည်မှန်းကာ ဆီမီးရောင်စုံဖြင့် ပူဇော်ကြသည့် မွန်လူမျိုးတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှု အနှစ်သာရ ကြီးမားသော နေ့ထူးနေ့မြတ် ဖြစ်သည်။
ရှေးယခင်က မွန်ကျေးရွာများတွင် မီးပုံးတင်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ သံဃာတော်များနှင့် မိဘဆရာ သမားများ အား ကန်တော့ပွဲတို့ဖြင့် အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းလေ့ရှိကြသည်။
သို့သော် ယနေ့ခေတ် မွန်ပြည်နယ် မြို့ရွာများရှိ သီတင်းကျွတ် ပွဲတော်ရက်များတွင် ထိုရိုးရာယဉ်ကျေးမှု အနှစ်သာရများသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေပြီး၊ ၎င်းနေရာတွင် စီးပွားဖြစ် ဖျော်ဖြေရေးပွဲလမ်းများနှင့် အပေါ်ယံဆူညံသံများက အများအပြား အစားထိုးနေရာယူလာခဲ့သည်။
“ရှေးရိုးရာဓလေ့တွေက နေရာတိုင်း ဒေသတိုင်းမှာ လုံးလုံးရင်းရင်း ပျောက်ကွယ်သွားတာတော့ မဟုတ်ဘူး။ နည်းလာတဲ့သဘောပေါ့နော်၊ ဒီလိုတွေဖြစ်လာတာက ခေတ်ကြောင့်လည်း ဖြစ်မယ် ထင်တယ်။ ဒါမဲ့လည်း ဒီရိုးရာဓလေ့တွေ မပျောက်ကွယ်ဖို့ကတော့ လူတိုင်းမှာ တာဝန်ရှိတယ်”ဟု မုဒုံမြို့နယ်မှ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် သီတင်းကျွတ်ကာလ ရောက်ရှိလာတိုင်း မြို့ပေါ်နှင့် ကျေးရွာအချို့၌ ပွဲဈေးတန်းများ၊ ခေတ်ပေါ် တီးဝိုင်းများ၊ DJ ဖျော်ဖြေပွဲများနှင့် ကပွဲရုံများဖြင့် စည်ကားနေလေ့ရှိနေသည်။
သို့သော် ထိုစည်ကားမှုများ၏ နောက်ကွယ်တွင် ဘာသာရေးဆိုင်ရာ ကြည်ညိုသဒ္ဓါတရားနှင့် ရိုးရာဓလေ့ ထိန်းသိမ်းမှုအပိုင်းမှာမူ သိသိသာသာ လျော့ပါးလာနေကြောင်း ဒေသခံ သက်ကြီးပိုင်းများက ထောက်ပြ ကြသည်။
လူငယ်မျိုးဆက်သစ် အများစုအတွက် သီတင်းကျွတ်သည် ဘုရားဆီမီးပူဇော်ရန်၊ ဘိုးဘွားလူကြီးသူမ များကို ဂါရဝပြုရန်ထက် သူငယ်ချင်းအပေါင်းအသင်းများနှင့်အသောက်အစားပြုလုပ်ရန်၊ ပွဲကြည့်ရန်နှင့် အပျော်ရှာရန် အခွင့်အလမ်းတစ်ခုသဖွယ် ဖြစ်လာနေသည်။

“အခုက ပွဲလမ်းတွေသာ ပိုများလာတာ၊ ရိုးရာရဲ့ အနှစ်သာရကို သိတဲ့ကလေးတွေ တဖြည်းဖြည်း နည်းလာတယ်။ ဘုရားကျောင်းကန်သွားတာထက် ဆူညံတဲ့ပွဲခင်းထဲ အချိန်ကုန်တာ ပိုများလာကြတယ်” ဟု အထက်ပါသူက ဆက်ပြောသည်။
ပွဲလမ်းသဘင်များနောက်ကွယ်က လူမှုရေးပြဿနာများ ပွဲလမ်း သဘင်များ အလွန်အကျွံများပြားလာ ခြင်းနှင့်အတူ အရက်သေစာသောက်စားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လောင်းကစားဝိုင်းများနှင့် လူငယ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများပါ မြင့်တက်လာနေသည်။
အချို့လူငယ်တို့ကလည်း လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အကျပ် အတည်းများနှင့် အနာဂတ် မရေရာ မှုများအောက်တွင် မွန်းကျပ်နေရသည့် လူငယ်ထုအနေဖြင့် ပွဲလမ်းသဘင်များကို စိတ်ထွက်ပေါက်တစ်ခုအဖြစ် ရွေးချယ်အသုံးချနေကြခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
“ပြည်တွင်းမှာ ကျန်ခဲ့တဲ့သူတွေဘက်ကကြည့်ရင်လည်း နိုင်ငံရေးအခြေအနေကြောင့် သူတို့တွေ ကျဉ်းကြပ်နေကြတာ ရှိတယ်။ ဒါတွေကို ဖြေဖျောက်ဖို့ဆို ပျော်အောင် အဆင်ပြေသလို နေရမှာပဲလေနော်”ဟု မွန်လူငယ်တစ်ဦးက ပြောသည်။
သို့သော်လည်း အဆိုပါစိတ်ထွက်ပေါက်ရှာမှုသည် ရိုးရာယဉ်ကျေးမှုနှင့် စာရိတ္တပိုင်းဆိုင်ရာ ယိုယွင်းမှုများ ဆီသို့ ဦးတည်သွားနေခြင်းအပေါ် စိုးရိမ်စရာများ ဖြစ်စေသည်ဟု အချို့က သုံးသပ်ကြသည်။
ထိုရိုးရာယဉ်ကေးမှု အစဉ်အလာများသည် ရပ်ရွာစည်းလုံးမှုကို တည်ဆောက်ပေးသလို လူငယ်များကို လည်း ရိုသေလေးစားမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုကို သင်ကြားပေးသည့် ယန္တရားများ ဖြစ်ခဲ့သည်။
ယနေ့ခေတ် သီတင်းကျွတ်ညများတွင် လမ်းမများပေါ်အထိ ဆူညံစွာ ပဲ့တင်ထပ်နေသော သီချင်းသံများ၊ ဆိုင်ကယ်အိတ်ဇောသံများနှင့် ဟစ်ကြွေးသံများအောက်တွင် မွန်ရိုးရာ သီတင်းကျွတ်၏ ငြိမ်းချမ်းသော ဆီမီးရောင်စစ်စစ်တို့မှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လျက် ရှိနေပေတော့သည်။




