မွန်ပြည်နယ်၊ ကျိုက်ထိုဘူတာတွင် အမျိုးသမီးတစ်ဦး ရထားပြေးတက်စဉ် စင်္ကြန်နှင့် ရထားတွဲကြား ခြေချော်ကျခဲ့ရာမှ ရထားကြိတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်က မော်လမြိုင် – ရန်ကုန် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားမှာ ကျိုက်ထိုဘူတာမှ သိမ်ဇရပ်ဘူတာဘက်သို့ စတင်တွက်ခွာချိန် အမျိုးသမီးတစ်ဦး ရထားပေါ် ပြေးတက်ရင်း စင်္ကြန်နှင့် ရထားကြားသို့ ခြေချော်ကျသွားခဲ့သည်။
စင်္ကြန်နှင့် ရထားကြား ခြေချော်ကျပြီး ရထားကြိတ်ခံရမှုကြောင့် အမျိုးသမီးသည် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ရထားအောက် ရောက်နေသည့် အမျိုးသမီးရုပ်အလောင်းကို ရထားလုံခြုံရေးအဖွဲ့နှင့် ဝန်ထမ်းများက ဆွဲထုတ်ပြီး လူမှုကူညီရေးအသင်းအကူအညီဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ရထားကြိတ်ခံရပြီး သေဆုံးသွားသူသည့် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမှတ်(၈၂) အစုန် လူစီးအမြန်ရထားသည် ကျိုက်ထိုဘူတာတွင် မိနစ် ၃၀ ခန့် ကြန့်ကြာမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။




