Homeသတင်းရေဖြူတွင် စစ်တပ် စစ်ကြောင်းက အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်

ရေဖြူတွင် စစ်တပ် စစ်ကြောင်းက အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်

-

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဘုရားသုံးဆူကျေးရွာအနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းက ဒေသခံ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အခြားအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အင်အားဆယ်ဂဏန်းခန့်ရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဘုရားသုံးဆူကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါစစ်ကြောင်းသည် ဘုရားသုံးဆူကျေးရွာအနီး ကျောက်ကဒင်နှင့် လော့သိုင်းကြားရှိ ရော်ဘာခြံတစ်ခုတွင် တပ်စွဲပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား နှစ်ဦးအနက် တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ မှ တာဝန်ရှိသူ ကိုစောဒါးကိုက ပြောသည်။

“ဖြစ်သွားတာက ကျောက်ကဒင်နဲ့ လော့သိုင်းကြားက နေရာမှာပါ။ အဲဒီမှာ ခြံစောင့်တဲ့ မိသားစုရှိတယ်။ သူတို့ဝင်လာပြီး အမျိုးသားနှစ်ယောက်ကို ဖမ်းတယ်။ တစ်ယောက်ကိုတော့ အရှင်လတ်လတ် မီးရှို့သွားတယ်၊ အိမ်ကိုပါ ရှို့လိုက်တယ်။ ကျန်တစ်ယောက်ကိုတော့ မျက်နှာဖုံးစွပ်ပြီး ခေါ်သွားလိုက်တယ်” ဟု ကိုစောဒါးကိုက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ကရင်လူမျိုးများဖြစ်ကြပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရှိရသေးကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအောင်ပန်းကလည်း ပြောသည်။

“အဲဒီနေရာက ဘုရားသုံးဆူရွာနားမှာပဲ။ ကရင်လူမျိုးနှစ်ယောက်ကို စကစက လာဖမ်းတယ်။ နှစ်ယောက်ထဲက တစ်ယောက်ကို မီးရှို့သတ်လိုက်တယ်။ တစ်ယောက်ကိုတော့ သူတို့ ဖမ်းခေါ်သွားတယ်” ဟု ကိုအောင်ပန်းက ထပ်မံအတည်ပြုသည်။

ရေဖြူမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းမှ စစ်ကြောင်းများသည် ရာဖူး၊ ကျောက်ကဒင်၊ လော့သိုင်းနှင့် သာယာမွန် စသည့် ကျေးရွာများအတွင်း လှုပ်ရှားသွားလာနေပြီး ဒေသခံများကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

Photos-ဒေသခံ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts