Homeဆောင်းပါးပြည်သူမကြိုက်သော်လည်း ငါတို့ကြိုက်ဖို့လိုသည်

ပြည်သူမကြိုက်သော်လည်း ငါတို့ကြိုက်ဖို့လိုသည်

-

နောင်ရိုး (သတင်းဆောင်းပါး)

“ကျွန်တော်တို့လစဉ်ပေးနေရတဲ့ စစ်မှုထမ်းစရိတ်နဲ့ ကျွန်တော်တို့ရွာရဲ့ဥက္ကဌလည်း ချမ်းသာကုန်ပြီး” မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှ လူငယ်တစ်ဦးက လက်ရှိအုပ်ချုပ်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှုး၏ အခြေအနေကို ဖွင့်ဟပြောဆိုလာသည်။

ပြည်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲကို အနီးကပ်ဆုံး သိရှိနားလည်နေသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူတို့အတွက် အားကိုးရာဖြစ်မလာဘဲ ၎င်းတို့အပေါ် ဝန်ထုပ်ဝန်ပိုးများ ထပ်တိုးစေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ဖြစ်လာနေသည်ဟု အထက်ပါလူငယ်က ဆိုသည်။

မွန်ပြည်နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအပေါ် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပေးကာ အခကြေးငွေရယူခြင်း၊ စစ်မှုထမ်းစရိတ်အဖြစ် ပြည်သူများထံမှ လစဉ်ငွေကောက်ခံခြင်းနှင့် ထောက်ခံစာများ ပြုလုပ်ပေးရာတွင် ငွေကြေးပေးဆောင်ရခြင်းတို့နှင့် ပတ်သက်၍ မကျေနပ်မှုများ ရှိနေသည်။

“ဒီလက်ရှိအုပ်ချုပ်ရေးမှုးက အဆိုးဆုံးပါပဲဗျ။ သူ့ဘက်ပဲသူကြည့်တယ် ဒေသခံတွေအပေါ်မှာ တစ်စက်မှ သူမစာနာတတ်ဘူး။ တစ်ရွာလုံးသူ့ကို မုန်းကြတယ်” ဟု ချောင်းဆုံမြို့နယ် မုဒွန်းရွာခံအမျိုးသားတစ်ဦးက ဒေသခံအပေါ် လာဘ်စားနေသည့် စစ်ကော်မရှင်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှုးအကြောင်းကို ပြောပြလာသည်။

ပြည်သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းမရှိသော်လည်း စစ်ကော်မရှင်၏ လိုအပ်ချက်များကိုမူ ဖြည့်ဆည်းပေးနေကြသည်ဟု ဒေသခံအချို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအပေါ် ဝေဖန်ပြောဆိုကြသည်။

ထိုသို့ မကျေနပ်မှုများ ရှိနေသော်လည်း အုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည်ရွေးချယ်နိုင်ရေးမှာ လွယ်ကူမနေပေ။

သံဖြူဇရပ်မြို့နယ်၊ ကျုံးကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဒေသခံများအပေါ် ဖိနှိပ်မှုများကြောင့် အရေးယူပေးရန် သြဂုတ်လကတည်းက ဒေသခံ (၃၀၀) ကျော်မှ မွန်ပြည်နယ်စစ်အစိုးရ ဝန်ကြီးချုပ်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ရာထူးမှ ဖယ်ရှားခံရခြင်းမရှိဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ခြင်းက သက်သေပင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်များကို စစ်ကော်မရှင်နှင့် နီးစပ်သူများက အပြောင်းလဲမရှိ ရယူထားကြသည်ဟု ဆိုသည်။

“ဒီလူပြီး၊ ဒီလူပြန်ပဲ ထပ်ခါထပ်ခါ လုပ်နေတယ်။ ပြီးတော့ မြို့ရွာအကျိုးအတွက် ဘာမှလည်း မတိုးတက်၊ ပြောင်းလဲလာတာလည်း မရှိဘူး” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

လက်ရှိ စစ်ကော်မရှင်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှုးများကလည်း စစ်ကော်မရှင်ထောက်ခံပေးထားသည့် အရှိန်အဝါနှင့် ပြည်သူများအပေါ် အာဏာပြ အုပ်ချုပ်နေသည်။

မွန်ဒေသခံပြည်သူတို့က အမှန်တကယ်ရပ်ရွာအကျိုးအတွက် လုပ်ပေးမည့်သူကို အုပ်ချုပ်ရေးမှုးအဖြစ် အသစ်ပြန်လည်ရွေးကောက်ချင်ကြောင်း မွန်လွတ်တော်အမတ်ဆီ တင်ပြကြသည်။

 ပြည်သူတို့ဖြစ်စေလိုသည့် ဆန္ဒကို မွန်ညီညွတ်ရေးပါတီမှ ကျိုုက်ထိုမြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးက နယ်မြေတည်ငြိမ်းချမ်းသည့်ဒေသ၌ တည်ဆဲဥပဒေ ပြဌာန်းချက်နှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စုအားလုံးတွင် အုပ်ချုပ်ရေးမှုးများကို အသစ်ပြန်လည်ရွေးချယ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး၏ အဆိုကို လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှုးကြီး ကျော်စွာမြင့်က လက်ရှိရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုး၏ သက်တမ်းသည် (၂) ကြိမ်ကျော်လွန်ခြင်း မရှိသေးသလို သိက္ခာသမာဓိရှိသူများဖြစ်သဖြင့် အသစ်ပြန်လည်ရွေးချယ်ရန် မလိုကြောင်း လွတ်တော်တွင် အတိအလင်းတုံပြန်ခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၀) မြို့နယ်တွင် ရပ်ကွက် (၁၀၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၆၈) အုပ်စု စုစုပေါင်း (၄၇၄) အုပ်စုရှိသည်။ ကျေးရွာအုပ်စုအရေအတွက်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး (၄၇၄) ဦးရှိသည်။

ဤထဲတွင် ၂၀၂၆ ခုနှစ် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲပြီး၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုး (၄၅) ဦးသာ ပြန်လည်ရွေးချယ်ခဲ့ပြီး လုံခြုံရေးအရ အုပ်ချုပ်ရေးမှုးတာဝန်ကို ထမ်းဆောင်သူမရှိသဖြင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုး (၃၁) ဦးကို  စစ်ကော်မရှင်အလိုကျသူကို တာဝန်ပေးအပ်ခဲ့သည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲအပြီး၌ ရပ်ကွက်အုပ်ချုပ်‌‌ရေးမှုး စုစုပေါင်း (၄၅) ဦးသာ ပြန်လည်ရွေးချယ်ခဲ့သဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် အုပ်ချုပ်ရေးမှုးပြန်လည်ရွေးချယ်သည့်နှုန်း (၉.၅) ရာခိုင်နှုန်းခန့်သာ ရှိသည်။

နိုင်ငံရေးလေ့လာသူတစ်ဦး၏ အဆိုအရ လက်ရှိအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရာတွင် စစ်ကော်မရှင်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် ၎င်းတို့ကို အစားထိုးရန် ခက်ခဲနေခြင်းဖြစ်သည်။

“အဓိကက စစ်မှုထမ်းကိစ္စနဲ့ ဆက်နွယ်နေတယ်၊ အသစ်ပြန်ခန့်မယ့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စကို မပူးပေါင်းကြဘူး ဆိုရင်လည်း ပြဿနာတွေ တက်လာနိုင်တယ်လေ။ အခုလက်ရှိအုပ်ချုပ်ရေးမှူးတွေနဲ့က စစ်သားစုဆောင်ရေးကို ကွန်ယက်လိုချိတ်ဆက်လုပ်နေကြတယ်။ အဲ့ဒါကြောင့် အုပ်ချုပ်ရေးမှုးအသစ်ရွေးမယ့်ကိစ္စကို အတည်မပြုတာ” ဟု ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်များအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရာ၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် လူဦးရေစာရင်းကောက်ယူခြင်း၊ စစ်မှုထမ်း အရေအတွက် ပြည့်မီရေး ဆောင်ရွက်ခြင်းတို့အပြင် ပြည်သူများထံမှ ငွေကြေးကောက်ခံကာ လူအစားထိုးငှားရမ်းနိုင်ရန် စီစဉ်ပေးခြင်းတို့တွင်လည်း စစ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည်ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးတင်ပြနေခြင်းအပေါ် လွှတ်တော်အမတ်ဟောင်းတစ်ဦးကလည်း ဝေဖန်ခဲ့သည်။

၎င်း၏အဆိုအရ တည်ဆဲဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ကိစ္စတစ်ခုကို လွှတ်တော်တွင် အဆိုတင်သွင်းနေရခြင်းသည် လက်တွေ့အကောင်အထည်ဖော်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

“အတည်ပြုပြီးသား ဥပဒေတစ်ခုကို လွတ်တော်မှာ အဆိုတင်သွင်းနေဖို့ မလိုပါဘူး။ အခုက ဘယ်လိုဖြစ် နေလဲဆိုတော့ ဥပမာ ဘုန်းကြီးက မိန်းမယူရင် ပါရာဇ် (ပါရာဇိကအာပတ်) ဖြစ်သွားတယ်။  အားလုံးနီးပါး သိနေတဲ့ အမှန်တရားတစ်ခုကို လွတ်တော်မှာ ဘုန်းကြီးက ပါရာဇ်ဖြစ်တယ် မဖြစ်ဘူးဆိုတာကို အဆိုနဲ့ တင်သွင်းနေတာဆိုတော့ စဉ်းစားစရာပါပဲ” ဟု လွတ်တော်အမတ်ဟောင်းတစ်ဦးက ကောက်ချက်ချသည်။

မွန်ပြည်နယ်အတွင်း ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောနှင့် မုဒုံကဲ့သို့ နယ်မြေတည်ငြိမ်အေးချမ်းသည့် ဒေသများတွင် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးအခြေအနေကို ပြန်လည်စိစစ်ပြီးမှ ဆောင်ရွက်ပေးမည်ဟု လွှတ်တော်ဘက်က ပြောဆိုထားသည်။

“သူတို့အခြေအနေကြည့်ပြီးတော့ ပြန်ရွေးချယ်ပေးမယ်လို့ ပြောတာပဲ၊ ကျွန်တော်တို့လည်း အခြေအနေကြည့်ရတာပေါ့။”

ပြည်သူများက ရပ်ရွာအကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးမည့်သူများကို ရွေးချယ်လိုနေကြသော်လည်း လက်ရှိအုပ်ချုပ်ရေးမှူးများကို အစားထိုးနိုင်ရေးမှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုနှင့် နယ်မြေလုံခြုံရေးအခြေအနေတို့အပေါ် မူတည်နေဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts