ခွန်မြင့်ထွန်း ပြောသော ငြိမ်းချမ်းရေး
မာံသဟာဲ (မင်းစဟိုင်း) ရေးသားသည်။
မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် စစ်အာဏာရှင်အစိုးရအဆက်ဆက် အသုံးပြုခဲ့သည့် နိုင်ငံရေးစကားလုံးများအနက် “ငြိမ်းချမ်းရေး” သည် အငြင်းပွားဖွယ်ရာအကောင်းဆုံး စကားလုံးတစ်ခုဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး၊ တည်ငြိမ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို ငြိမ်းချမ်းရေးခေါင်းစဉ်အောက်တွင် ဖော်ဆောင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးပြဿနာများမှာ ယနေ့တိုင် အဆုံးမသတ်နိုင်သေးပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနှင့် စစ်ရေးအကျပ်အတည်းများကြားတွင် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်နေချိန်၌ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ငြိမ်းချမ်းရေး၏ အနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အားနည်းချက်များကို ထောက်ပြခဲ့သည်။
ပြည်သူ့ပန်းတိုင်၏ “အတွေးအခေါ်လမ်း” အစီအစဉ်တွင် ၎င်းက စစ်အစိုးရအဆက်ဆက်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ နိုင်ငံရေးတရားဝင်မှု ရှာဖွေရေး၊ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေးတို့ကို သမိုင်းအတွေ့အကြုံများနှင့် ဆက်စပ်ရှင်းလင်းခဲ့သည်။

သေနတ်သံတိတ်ရုံဖြင့် ငြိမ်းချမ်းရေးမဖြစ်နိုင်
ဦးခွန်မြင့်ထွန်း၏ အဆိုအရ ငြိမ်းချမ်းရေးဆိုသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲခြင်းထက် ပိုမိုကျယ်ပြန့်သည့် သဘောတရားဖြစ်သည်။ ပြည်သူတစ်ဦးချင်းစီမှ တိုင်းရင်းသားလူမျိုးများနှင့် ပြည်ထောင်စုတစ်ခုလုံးအထိ အကျိုးစီးပွားများ သဟဇာတဖြစ်ပြီး လုံခြုံမှုရှိရန် လိုအပ်သည်။
“ဒီငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုက တစ်ဦးချင်းအနေနဲ့ဖြစ်စေ၊ ကျွန်တော်တို့ အမျိုးသားအလိုက် လူမျိုးအလိုက်ဖြစ်စေ၊ ပြည်ထောင်စုတစ်ခုလုံးရဲ့ဖြစ်စေ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေက သဟဇာတရှိနေရမယ်။ ပြီးရင် လုံခြုံမှုတွေ ရှိနေရမယ်။ ဒါမှလည်း ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။”
ဤအမြင်အရ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသည် တူညီသော အခြေအနေနှစ်ရပ်မဟုတ်ပေ။ လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ရပ်တန့်သွားသော်လည်း ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝတွင် လွတ်လပ်မှု၊ လုံခြုံမှုနှင့် လူ့ဂုဏ်သိက္ခာ မရှိပါက စစ်မှန်သော ငြိမ်းချမ်းရေးဟု မဆိုနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
အထူးသဖြင့် လက်နက်ကိုင်အုပ်ချုပ်မှုအောက်တွင် ပြည်သူများ ရင်ဆိုင်ရသည့် အခြေအနေကို “ခသုံးလုံး” ဟူသော အသုံးအနှုန်းများဖြင့် ဥပမာပေးခဲ့သည်။
“လူတွေ အကုန်လုံးက အပစ်အခတ်ရပ်စဲရေးတော့ လုပ်လိုက်တယ်၊ လက်နက်ကိုင်အဖွဲ့တွေကြားမှာ အပစ်အခတ်ရပ်စဲတော့ သေနတ်သံတွေက တိတ်သွားတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ ရှိနေတဲ့ လူထုက တကယ် သူတို့စိတ်ထဲမှာ ငြိမ်းချမ်းရဲ့လား။”
၎င်း၏ ရှင်းလင်းချက်တွင် “ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့” ဟူသော ဖိနှိပ်ချုပ်ချယ်မှုအောက်၌ နေထိုင်ရသည့် ပြည်သူများအတွက် တိုက်ပွဲမရှိခြင်းသည် တည်ငြိမ်မှုတစ်မျိုး ဖြစ်နိုင်သော်လည်း ငြိမ်းချမ်းရေးမဟုတ်ပေ။
ထို့ကြောင့် ငြိမ်းချမ်းရေး၏ အောင်မြင်မှုကို လက်နက်ကိုင်အဖွဲ့များ သဘောတူညီချက် ရရှိခြင်းတစ်ခုတည်းဖြင့် မတိုင်းတာဘဲ ပြည်သူများ၏ လုံခြုံရေးနှင့် နေထိုင်မှုအခြေအနေများအပေါ် အခြေခံအကဲဖြတ်ရန် လိုအပ်ကြောင်း ၎င်း၏ ဆွေးနွေးချက်က ညွှန်ပြနေသည်။
ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတရားဝင်မှု
ဦးခွန်မြင့်ထွန်းက မြန်မာ့ငြိမ်းချမ်းရေးသမိုင်းကို ပြန်လည်သုံးသပ်ရာတွင် စစ်အစိုးရအဆက်ဆက်သည် ငြိမ်းချမ်းရေးကို နိုင်ငံရေးတရားဝင်မှု (Political Legitimacy) ရရှိရေးအတွက် အသုံးချခဲ့ကြောင်း ထောက်ပြသည်။
အထူးသဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း စစ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုများကို ဥပမာပေးခဲ့သည်။
“အားလုံးမှာ တူတဲ့အချက်ကတော့ သက်ဆိုင်ရာ နိုင်ငံရေးတရားဝင်မှု (Political Legitimacy) ကြိုးပမ်းဆောင်ရွက်ကြတဲ့ထဲမှာ ငြိမ်းချမ်းရေးကို အသုံးချကြတာ ဖြစ်ပါတယ်။”
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားအနိုင်ရပါတီများထံ အာဏာလွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့သည့် စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူခြင်းဖြင့် နိုင်ငံရေးထွက်ပေါက် ရှာဖွေခဲ့ကြောင်း ၎င်းက သုံးသပ်သည်။
ယင်းအခြေအနေကို လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများနှင့်လည်း နှိုင်းယှဉ်ခဲ့သည်။
“အခု မင်းအောင်လှိုင် လက်ထက်မှာလည်း အဓိက သူ့အတွက် အင်မတန် ငတ်မွတ်နေတာ နိုင်ငံရေးတရားဝင်မှု (Political Legitimacy) ဖြစ်ပါတယ်။ နိုင်ငံရေးတရားဝင်မှု သူလိုချင်တဲ့အခါကျတော့ အခု ငြိမ်းချမ်းရေးကို ဖိတ်ခေါ်တာမျိုးနဲ့ လုပ်တာဖြစ်တယ်။”
ဦးခွန်မြင့်ထွန်း၏ အမြင်အရ စစ်ကောင်စီသည် နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်းကိုပင် ၎င်း၏ အုပ်ချုပ်မှုအား အသိအမှတ်ပြုသည့် အခြေအနေတစ်ရပ်အဖြစ် အသုံးချနိုင်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်များကို ဆန်းစစ်ရာတွင် ဆွေးနွေးပွဲကျင်းပနိုင်ခြင်းထက် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် နိုင်ငံရေးအကျိုးဆက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက သတိပေးထားသည်။
“Dialogue ဆိုတာ နေပြည်တော်သွားရေး မဟုတ်ဘူး”
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးအပေါ် ဦးခွန်မြင့်ထွန်း၏ ရပ်တည်ချက်တွင် အဓိကကျသည့် အချက်မှာ ပြည်သူလူထု၏ လုံခြုံရေးဖြစ်သည်။
တွေ့ဆုံဆွေးနွေးရေး (Dialogue) ဆိုသည်မှာ နေပြည်တော်သို့ သွားရောက်၍ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း ၎င်းက ပြောသည်။
“ဒီနေ့ Dialogue လို့ ပြောလိုက်ရင် နေပြည်တော်သွားရေးလို့ပဲ ဒီလိုထင်တယ်။ ကျွန်တော်တို့ ဒါ ထပ်ခါထပ်ခါ ပြောချင်တာကတော့ Dialogue ဆိုတာ နေပြည်တော်သွားရေး မဟုတ်ဘူး။ ပြည်သူကို ရန်သူမသတ်မှတ်ဘဲနဲ့ ဗုံးမကြဲတော့ပါဘူးလို့ အာမခံချက် ပေးမလား။ အဲဒီလို အာမခံချက်ပေးရင် ကျွန်တော်တို့ စဉ်းစားလို့ရတယ်။”
လက်ရှိတွင် ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို ထောက်ပြကာ ဆွေးနွေးရေးအတွက် အခြေခံအာမခံချက်များ မရှိသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဤနေရာတွင် ဦးခွန်မြင့်ထွန်းက တွေ့ဆုံဆွေးနွေးရေးကို မူအားဖြင့် ငြင်းပယ်ခြင်းထက် ဆွေးနွေးရေးမစတင်မီ ဖြည့်ဆည်းရမည့် အခြေခံအခြေအနေများကို အလေးပေးထားခြင်းဖြစ်သည်။ ပြည်သူများကို ရန်သူအဖြစ် မသတ်မှတ်ရေးနှင့် လုံခြုံရေးအာမခံချက်ပေးရေးတို့သည် ၎င်းဖော်ပြသည့် အဓိကသတ်မှတ်ချက်များဖြစ်သည်။
စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍ
ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းရာတွင် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ရန် လိုအပ်ကြောင်း ဦးခွန်မြင့်ထွန်းက ထောက်ပြသည်။
“စစ်တပ်က စစ်တပ်နေရာမှာ ပြန်နေဖို့လိုတယ်။ လူထုရဲ့ အဆုံးအဖြတ်အောက်မှာ ရပ်တည်ဖို့လိုတယ်။ အဲဒီလို အခြေအနေမျိုးကို ရောက်မှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတာကို စစ်တပ်ကိုယ်တိုင်က လက်ခံဖို့လိုတယ်။”
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဦးခွန်မြင့်ထွန်းက ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံအတွင်း စစ်တပ်၏ နိုင်ငံရေးပါဝင်မှုနှင့် ပတ်သက်သည့် အငြင်းပွားမှုများကိုလည်း ပြန်လည်ပြောပြခဲ့သည်။
ထိုစဉ်က စစ်တပ်က လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ရယူလိုသည့် သဘောထားအပေါ် NLD က ကန့်ကွက်ခဲ့ပြီး စစ်သားများ နိုင်ငံရေးလုပ်လိုပါက ယူနီဖောင်းချွတ်၍ ရွေးကောက်ပွဲဝင်ရမည်ဟု ရပ်တည်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
၎င်း၏ အမြင်အရ စစ်တပ်သည် ပြည်သူ့အဆုံးအဖြတ်အောက်တွင် ရပ်တည်ရမည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံရေးအာဏာကို အထူးအခွင့်အရေးဖြင့် ရယူထားခြင်းသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီပေ။
စစ်တပ်နှင့် မဆွေးနွေးမီ အချင်းချင်းဆွေးနွေးရန်
ဦးခွန်မြင့်ထွန်း၏ ဆွေးနွေးချက်တွင် ထူးခြားသည့် အချက်တစ်ခုမှာ စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးထက် တော်လှန်ရေးအင်အားစုများအကြား အတွင်းပိုင်းတွေ့ဆုံဆွေးနွေးရေး (Internal Dialogue) ကို ဦးစားပေးထားခြင်းဖြစ်သည်။
“စစ်တပ်နဲ့ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးရမယ့် အချိန်မဟုတ်သေးဘူး။ အရင်ဆုံး ကျွန်တော်တို့ ဆွေးနွေးရမှာ ကျွန်တော်တို့ Internal Dialogue တော်လှန်ရေး အင်အားစုတွေကြားမှာ ကျွန်တော်တို့ ခိုင်မာစွာ ဆွေးနွေးရမယ်။ ကျွန်တော်တို့ ဘုံနိုင်ငံရေး သဘောတူညီချက်တွေ ချမှတ်ရမယ်။”
လက်ရှိ တော်လှန်ရေးအင်အားစုများအကြား စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအပေါ် ဦးစားပေးမှုနှင့် ချဉ်းကပ်ပုံများ ကွဲပြားနေကြောင်း ၎င်းက ထောက်ပြသည်။
ထို့ကြောင့် ပြင်ပအင်အားစုတစ်ရပ်နှင့် ဆွေးနွေးပွဲမစတင်မီ တော်လှန်ရေးအင်အားစုများအချင်းချင်း ဘုံနိုင်ငံရေးရည်မှန်းချက်များ၊ သဘောတူညီချက်များနှင့် ညီညွတ်မှုကို တည်ဆောက်ရန် လိုအပ်သည်ဟု ၎င်းက ယူဆထားသည်။
ဤအမြင်သည် တွေ့ဆုံဆွေးနွေးရေးကို စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဆက်ဆံရေးတစ်ခုတည်းအဖြစ် မမြင်ဘဲ တော်လှန်ရေးအင်အားစုများအတွင်း နိုင်ငံရေးသဘောတူညီမှု တည်ဆောက်ရေးကိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
NCA၊ တပ်မတော်မူ ၆ ချက်နှင့် “ခွန်ဆာမူ”
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အသုံးပြုနေသည့် တပ်မတော်မူ ၆ ချက်ကိုလည်း ဦးခွန်မြင့်ထွန်းက ဝေဖန်ခဲ့သည်။
၎င်းက ယင်းမူများကို ယခင် လက်နက်ကိုင်ခေါင်းဆောင် ခွန်ဆာ၏ “ပေါင်းမလား၊ တိုက်မလား” ဟူသော ချဉ်းကပ်ပုံနှင့် နှိုင်းယှဉ်ခဲ့သည်။
“အဲဒီ တပ်မတော်မူ ၆ ချက်ဆိုတာ ကျွန်တော်တို့ပြောရင် ‘ခွန်ဆာမူ’ လို့ ပြောလို့ရတယ်။ ခွန်ဆာက သူ့မူက ‘ပေါင်းမလား၊ တိုက်မလား’။ ပေါင်းရင် သူ့အောက်ဝင်၊ မဝင်ရင် တိုက်ပစ်လိုက်တာပဲ။”
ဦးခွန်မြင့်ထွန်း၏ ဝေဖန်ချက်အရ စစ်ကောင်စီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကိုးကားနေသော်လည်း လက်တွေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်တပ်က သတ်မှတ်ထားသော မူများအောက်သို့ ဝင်ရောက်ရန် ဖိအားပေးနေခြင်းဖြစ်သည်။
ဤအခြေအနေကို မင်းအောင်လှိုင်၏ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းကြပါနဲ့” ဟူသော ပြောကြားချက်နှင့်လည်း ၎င်းက ဆက်စပ်ဝေဖန်ခဲ့သည်။
ယင်းနှိုင်းယှဉ်ချက်၏ အဓိကအချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုတွင် ပါဝင်သူများအကြား တန်းတူညီမျှမှုနှင့် နိုင်ငံရေးအပေးအယူ ရှိရမည့်အစား အင်အားကြီးသူက သတ်မှတ်ထားသော စည်းကမ်းများကို လက်ခံစေသည့် ပုံစံဖြစ်နေခြင်းအပေါ် ဝေဖန်ထားခြင်းဖြစ်သည်။
တာဝန်ခံမှုယန္တရားနှင့် နိုင်ငံတကာ၏ အခန်းကဏ္ဍ
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အားနည်းချက်ကို ဆွေးနွေးရာတွင် ဦးခွန်မြင့်ထွန်းက တာဝန်ယူမှု၊ တာဝန်ခံမှုယန္တရား (Accountability Mechanism) မရှိခြင်းကို အဓိကပြဿနာတစ်ရပ်အဖြစ် ထောက်ပြခဲ့သည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ Accountability Mechanism (တာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရား) တစ်ရပ် မရှိဘူး။ စစ်တပ်က သူလုပ်ချင်တဲ့အချိန်မှာ လုပ်လိုက်မယ်၊ သူ မလုပ်ချင်ရင် ဖျက်ဆီးလိုက်မယ်။”
ဦးခွန်မြင့်ထွန်းသည် PNLO ဥက္ကဋ္ဌအဖြစ် ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူးအဖွဲ့တွင်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
ထိုအတွေ့အကြုံများအပေါ် အခြေခံ၍ သဘောတူညီချက်များကို လိုက်နာစေရန်နှင့် ချိုးဖောက်မှုများအတွက် တာဝန်ခံစေရန် ခိုင်မာသော ယန္တရားမရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရေရှည်တည်တံ့ရန် ခက်ခဲကြောင်း ၎င်းက ထောက်ပြသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကိုလည်း တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းရုံမျှဖြင့် မလုံလောက်ကြောင်း ပြောဆိုခဲ့သည်။
“နိုင်ငံတကာ အနေနဲ့က ‘နေပြည်တော် သွားကြပါ’ လို့ တိုက်တွန်းရုံနဲ့ တာဝန်မကျေဘူး။”
၎င်း၏ အဆိုအရ နိုင်ငံတကာအနေဖြင့် ကြားဝင်စေ့စပ်ပေးခြင်း (Mediation)၊ ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်း (Hosting) နှင့် သဘောတူညီချက်များ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ကြီးကြပ်ခြင်း (Monitoring) တို့တွင် ပိုမိုထိရောက်စွာ ပါဝင်ရန် လိုအပ်သည်။
ငြိမ်းချမ်းရေး၏ အခြေခံမေးခွန်း
ဦးခွန်မြင့်ထွန်း၏ ဆွေးနွေးချက်များကို ခြုံငုံကြည့်ပါက မြန်မာ့ငြိမ်းချမ်းရေးပြဿနာသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ရရှိရေးထက် ပိုမိုနက်ရှိုင်းသည့် နိုင်ငံရေးပြဿနာဖြစ်ကြောင်း တွေ့ရသည်။
၎င်းက ငြိမ်းချမ်းရေးကို ပြည်သူ့လုံခြုံရေး၊ နိုင်ငံရေးတရားဝင်မှု၊ စစ်တပ်၏ အခန်းကဏ္ဍ၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီမှုနှင့် တာဝန်ခံမှုယန္တရားတို့နှင့် ဆက်စပ်ရှင်းပြထားသည်။
တစ်ဖက်တွင် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်နေသော်လည်း အခြားတစ်ဖက်တွင် ပြည်သူများ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းက တွေ့ဆုံဆွေးနွေးရေး၏ အခြေခံအခြေအနေများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ဦးခွန်မြင့်ထွန်း၏ အမြင်တွင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ စစ်တပ်ကို ပြည်သူ့အဆုံးအဖြတ်အောက်တွင် ထားရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့သည် ခွဲခြား၍မရသော နိုင်ငံရေးရည်မှန်းချက်များဖြစ်သည်။
ထို့ကြောင့် ၎င်း၏ ဆွေးနွေးချက်များက မြန်မာ့ငြိမ်းချမ်းရေးအတွက် အခြေခံမေးခွန်းတစ်ခုကို ပြန်လည်ဖော်ထုတ်ပေးနေသည်။ ယင်းမှာ လက်နက်ကိုင်အဖွဲ့များအကြား သေနတ်သံတိတ်စေရန်သာ ဦးတည်မည်လား၊ သို့မဟုတ် ပြည်သူလူထု၏ လုံခြုံမှု၊ နိုင်ငံရေးအခွင့်အရေးနှင့် အနာဂတ်ပြည်ထောင်စု၏ အုပ်ချုပ်ရေးစနစ်ကိုပါ ပြောင်းလဲနိုင်မည့် ငြိမ်းချမ်းရေးမျိုးကို တည်ဆောက်မည်လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။



