Homeသတင်းမွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖလံချောင်းဝရွာ ဗုံးကြဲတိုက်ခိုက်ခံရ၊ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး သေဆုံး

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖလံချောင်းဝရွာ ဗုံးကြဲတိုက်ခိုက်ခံရ၊ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး သေဆုံး

-

မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသ၊ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေအတွင်းရှိ ဖလံချောင်းဝကျေးရွာကို စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးကာ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီနှင့် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖလံချောင်းဝကျေးရွာနှင့် အနီးတဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီးအလုံးရေ ၂၀ ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ဦးတို့လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပထမအကြိမ် ဗုံးကြဲတုန်းက နေအိမ်မှာရှိတဲ့ သက်ကြီးပိုင်းအမျိုးသမီးက ဗုံးစထိမှန်ပြီး ဆုံးသွားတယ်။ ရွာသားတွေက ကြောက်လို့ ထွက်ပြေးဖို့ ပြင်ကြတာပေါ့။ အဲဒီအချိန်မှာ ကားနဲ့ ထွက်ပြေးတာကို ဘာလို့ ထွက်ပြေးတာလဲဆိုတဲ့ သဘောနဲ့ လေယာဉ်က ပြန်လှည့်လာပြီး ကားကို ဗုံးကြဲချခဲ့တာ။ အဲဒါကြောင့် ကားထဲမှာရှိတဲ့လူတွေ ဒဏ်ရာပြင်းထန်ရသွားတယ်။ ပထမအကြိမ်မှာ ဗုံး ၂၂ လုံး၊ ဒုတိယအကြိမ်မှာ ၂ လုံး ကြဲချခဲ့တာ” ဟု ၎င်းက ပြောသည်။

လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်၊ ကားတစ်စီးနှင့် ကွမ်းသီးပင်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖလံချောင်းဝကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

“လောလောဆယ်တော့ ဒေသခံတွေအားလုံး ရှောင်ကြတော့မယ်။ ဒီကာလအတွင်းမှာ ရွာမှာနေဖို့ အဆင်မပြေနိုင်သေးဘူး။ ယုံလို့ မရတော့ဘူး။ အဲဒါကြောင့် ဘေးလွတ်ရာကိုပဲ အားလုံးရှောင်ကြတော့မယ်” ဟု ဆိုသည်။

ရေးချောင်းဖျားဒေသတစ်ဝိုက်တွင် စစ်ကော်မရှင်တပ်က လေယာဉ်များဖြင့် ကင်းထောက်ပျံသန်းမှုများ အရှိန်မြင့် လုပ်ဆောင်လာခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရေးချောင်းဖျားဒေသကို ပြီးခဲ့သည့် မေလမှ စတင်ပြီး စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေသည့်အပြင် ဗုံးကြဲတိုက်ခိုက်မှုများလည်း ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts