နေသူရိန်
၂၀၂၆ စက်တင်ဘာလမှစ၍ ဘုရားသုံးဆူဒေသတွင် စားသောက်ကုန်ဈေးနှုန်းများ ထိုးတက်လာခဲ့သည်။ စက်တင်ဘာလတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် အဘစ် – ဓနုန်း – ရေလဲလမ်းပိုင်းတွင် ရေကြီး ရေလျှံမှုများဖြစ်ပြီး ကာလအတန်ကြာသည်အထိ ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားခဲ့ရသည်။ ကုန်တင်ယာဉ်ငယ်များသာမက ခရီးသည်ယာဉ်များပါ သွားလာရခက်ခဲကာ ယာယီရပ်တန့်သွားခဲ့ကြရသည်။ အဘစ် – ဓနုန်း – ရေလဲလမ်းကြောင်း သွားလာရခက်ခဲသော်လည်း မော်လမြိုင်၊ ကျိုက်မရော၊ စံပယ်ဂူ လမ်းကြောင်းတွင်တော့ ကုန်တင်ယာဉ်ကြီးငယ်များနှင့် ခရီးသည်တင်ယာဉ်များ ပြေးဆွဲခဲ့ကြသည်။
ကျိုက်မရော၊ စံပယ်ဂူလမ်းတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအဖွဲ့ စစ်ဆေးရေးနှင့် အခွန်အကောက်ဂိတ် (၄၀) ကျော်ခန့်ရှိသည်ဟုလည်း ကားသမားများက ပြောဆိုကြသည်။ စစ်ဆေးရေးနှင့် အခွန်အကောက်ဂိတ်များမှာ အဘစ် – ရေလဲလမ်းတက်များပြားပြီး အခွန်အကောက်ပေးဆောင်ရမှုနှုန်းမှာလည်း အလွန်တရာများပြားသည်ဟု ကုန်သည်များက ပြောဆိုကြသည်။ အခွန်အကောက်နည်းပါးသည့် လမ်းကြောင်းက သွားလာရခက်ခဲမှုကြောင့် အခွန်အကောက် ပေးဆောင်ရများပြားသည့် စံပယ်ဂူလမ်းက မဖြစ်မနေ သွားလာနေကြရခြင်းဖြစ်ကြောင်းကိုလည်း ကုန်သည်များက ပြောဆိုနေကြသည်။

ရာသီဥတုအခြေအနေ ကောင်းမွန်လာပြီး အဘစ် – ရေလဲလမ်းကြောင်းက ကုန်တင်ယာဉ်ငယ်များ ပြန်လှည့်၍ သွားလာခဲ့ကြသည်။ ဘုရားသုံးဆူမြို့တွင် တက်ပြီးဖြစ်နေသော မြန်မာစားသောက်ကုန် ကုန်ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းသွားခြင်းမရှိခဲ့ပေ။ မြန်မာစားသောက်ကုန်များဖြစ်သည့် ဆန်၊ ကြက်သွန်၊ ငရုပ်သီးနှင့် ငါပိ ငါးခြောက် စသည်တို့မှာ စက်တင်ဘာလအတွင်းတွင် ယခင်ဈေးနှုန်းများထက် (၄၀) ရာခိုင်နှုန်းခန့် ထိုးတက်သွားခဲ့သည်။ (၂၀၂၆) အာက်တိုဘာလ (၁၂) ရက်နေ့ အဘစ် – ရလဲလမ်းကြောင်းပေါ်တွင် တည်ရှိသည့် ပုလိမ်၊ နန်းသိုင်းထွန်၊ တံခွန်တိုင် စသည့်ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ အရက်အတန်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ခရီးသွားနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်ဆိုင်းခဲ့ရခြင်းကို အကြောင်းပြု၍ ဘုရားသုံးဆူဒေသတွင် စားသောက်ကုန်ပစ္စည်းများ ယခင်ကထက် ထပ်မံ၍ စျေးတက်သွားခဲ့ခြင်းကို စားသုံးသူ ဒေသခံများက ရင်ဆိုခဲ့ကြရသည်။
လွန်ခဲ့သည့် ရာသီကာလနှင့် မိုးဦးကာလအချိန်က ဘုရားသုံးဆူဒေသတွင် သာမန် ရိုးရိုး ဆန် (၂၄) ပြည် တစ်အိတ်လျှင် ဘတ် (၁၁၀၀)၊ (၁၂၀၀) ခန့်မှနေပြီး မိုးတွင်းကာလ ရေကြီး ရေလျှံမှု ဖြစ်ချိန်တွင် ဆန်တစ်အိတ်လျှင် ဘတ် (၁၂၀၀) မှနေပြီး (၁၆၀၀) အထိ ဖြစ်သွားခဲ့သလို ကြက်သွန်နီ (၁၅) ကီလိုတစ်အိတ်လျှင် ဘတ် (၂၈၀) ဝန်းကျင်ကနေ ဘတ် (၇၀၀) အထိ ဖြစ်သွားခဲ့ရသည်။ ပုလိမ်တိုက်ပွဲအခြေအနေများကြောင့် ဘတ် (၁၆၀၀) ခန့်ရှိနေသည့် ဆန်တစ်အိတ်သည် (၁၇၀၀၊ ၁၈၀၀) ဘတ်အထိ ထိုးတက်သွားခြင်းကြောင့် စားသုံးသူများ ပိုမို၍ အခက်ကြုံခဲ့ကြရသည်။
စားသောက်ကုန်ဈေးနှုန်းများ၏ ထိုးတက်မှုဒဏ်ကို ဘုရားသုံးဆူဒေသအတွင်းရှိ ငွေရှင် ကြေးရှင်များ လုပ်ငန်းရှင်များနှင့် အုပ်ချုပ်သူ လူတန်းစားများအတွက် အခက်အခဲမရှိသော်လည်း အောက်ခြေလူတန်းစား အများစုဖြစ်သည့် လက်လုပ်လက်စားနှင့် အလုပ်လက်မဲ့များကတော့ လူးလိမ့်အောင် ခံနေကြရသည်။ အလုပ်အကိုင် ရှားပါးခြင်းနှင့်အတူ တစ်နေ့တာ လုပ်အားခများ နည်းပါးခြင်းတို့ကြောင့်လည်း စားဝတ်နေရေးအတွက် ခိုးဆိုးလုယက်မှုများလည်း ဖြစ်ပေါ်လာခဲ့ကြသည်။ လွန်ခဲ့သည့် အောက်တိုဘာလ (၁၈) ရက်နေ့တွင်လည်း အမှတ် (၂) ရပ်ကွက်တွင် လူငယ်လေးဦးက တရုတ်လူမျိုး အမျိုးသမီးတစ်ဦးထံမှ လုယက်မှုနှင့်အတူ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည်။
ဘုရားသုံးဆူဒေသနှင့် ဘုရားသုံးဆူမြို့အတွင်း ဓနအင်အားနှင့် စီးပွားရေး၊ စားဝတ်နေရေးအတွက် လုပ်နေကြသူများရှိသလို ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေကြသူများလည်း ရှိသည်။ စားဝတ်နေရေးအတွက် တရုတ်တို့၏ ကျားဖြန့်လုပ်ငန်းများ၊ ကာစီနိုများ၊ KTV များ၊ တရုတ်စားသောက်ဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ငယ်များနှင့် ဘုရားသုံးဆူဒေသခံ အမျိုးသမီးငယ်များလည်း အများအပြားရှိနေသည်ကိုလည်း တွေ့မြင်နေရသည်။ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာနေ၍ မိသားစုနှင့် ခွဲခွာကာ အိုးပစ် အိမ်ပစ်နှင့် ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာကာ အလုပ်လက်မဲ့ဖြစ်နေကြသော အမျိုးသားများလည်း ရာထောင်ချီ၍ ရှိနေကြသည်ကိုလည်း တွေ့မြင်နေကြရသည်။ ထိုသူတို့မှာ ငတ်တစ်လှည့် ပြတ်တစ်လှည့်နှင့် စားဝတ်နေရေး အခက်အခဲများကို နေ့စဉ်ကျော်ဖြတ်နေကြရသည်။
ဘုရားသုံးဆူဒေသတွင် အိမ်ထောင်စုများနှင့် အခြေချနေထိုင်ကြသော အောက်ချေလူတန်းစား အများစုမှာတော့ ကြုံရာကျပန်း အလုပ်ကိုလုပ်ကိုင်နေကြရသည်။ ငွေကြေးအရင်းအနှီး အနည်းငယ်ရှိကြသူများကတော့ ကိုယ်ပိုင်ကုန်တင်ယာဉ်ငယ်များ ထူထောင်ပြေးဆွဲခြင်း၊ ဆိုင်ကယ် ကယ်ရီဆွဲခြင်း၊ မြို့မဈေးတွင် ကုန်စုံဆိုင်များ ဖွင့်ခြင်း၊ တစ်ပိုင်တစ်နိုင် အိမ်ဆိုင်များ ဖွင့်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြသလို အရင်းအနှီးမဲ့သူများကလည်း ခွန်အားကို အရင်းအနှီးပြုကာ သစ်ခုတ်၊ ဝါးခုတ် လုပ်ငန်းများ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပန်းရံအလုပ်ကြမ်းလုပ်ငန်းများကိုပင်ပန်းကြီးစွာ လုပ်ကိုင်ရင်း ကုန်ဈေးနှုန်းများကို အံတုကာ မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရသည်။
ဘုရားသုံးဆူမြို့ခံနှင့် ပြည်တွင်းမှ ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးအများစုမှာတော့ ထိုင်းဘက်ခြမ်းရှိ စက်ရုံ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြရသည်။ မြန်မာတိုင်းရင်းသား အလုပ်သမားများ ဖြစ်နေခြင်းကြောင့်လည်း ထိုင်းလုပ်ငန်းရှင်များက နှိမ်ကြသည်ဟုလည်း ကြားသိနေရသည်။ လုပ်ငန်းနှင့် လုပ်အားခ မမျှတမှုများကိုလည်း ခံစားနေကြရသည်။ တစ်နေကုန် ပင်ပန်းကြီးစွာ လုပ်နေကြရသော်လည်း တစ်နေ့တာ လုပ်အားခမှာ ဘတ် (၂၀၀) ထက် ပို၍ မရရှိကြပေ။ စက်ရုံများတွင် အလုပ်ဝင်ချိန် အလုပ်ဆင်းချိန် မတူညီကြဘဲ တစ်ချို့သောစက်ရုံများသည် အလုပ်သမားတို့၏ လုပ်အားကို အချိန်ပိုင်း နာရီပိုင်းနှင့် အမြတ်ထုတ်နေကြကြောင်းလည်း ကြားသိနေရသည်။ အလုပ်သမားများက မကျေနပ်မှုများရှိနေကြသော်လည်း အလုပ်တည်မြဲရေးအတွက် ကြိတ်မှိတ်ခံကာ စားဝတ်နေရေးအတွက် ရင်ဆိုင်ဖြေရှင်းနေကြရသည်။
ဘုရားသုံးဆူနယ်စပ်ဒေသတွင် ကုန်ဈေးနှုန်းများနှင့်အပြိုင် သားငါးဈေးများသည်လည်း ထိုးတက်လာကြသည်။ ယခင်က သားငါးဈေးများမှာ ဒေသခံ စားသုံးသူများအတွက် ဝယ်ယူစားသောက်နိုင်သည့် အခြေအနေတွင်ရှိနေသော်လည်း သတ္တုတွင်းလုပ်ကိုင်သည့် တရုတ်လူမျိုးများ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်လူမျိုးများ ရောက်လာခဲ့ကြသည့်အချိန်မှစ၍ သားငါးဈေးများ ထိုးတက်လာခဲ့ကြသည်။ စျေးသည်များကလည်း တရုတ်လူမျိုးများ ဝယ်ယူမှု အားကောင်းနေသောကြောင့် စျေးများကို မြှင့်တင်လာခဲ့ကြသည်။ တစ်နေတာ ရုန်းကန်နေကြရသော လက်လုပ် လက်စားများအတွက် ဝယ်ယူစား သောက်နိုင်သော စျေးနှုန်းများ မဟုတ်ကြပေ။ ယခင်က တစ်လစာ စားသောက်ရန် လုံလောက်သော ငွေကြေးပမာဏသည် ယခုအချိန်တွင် ရက်သတ္တပတ်၊ နှစ်ပတ်စာမျှသာ ရတော့ကြောင်းကိုလည်း အိမ်ရှင်မတို့၏ ညည်းငြူပြောဆိုနေသံများကိုလည်း ကြားသိခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ တရားဥပဒေကင်းမဲ့ခြင်းနှင့်အတူ တရားမဝင် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်၍ရနေသော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့လေးတွင် လောင်းကစားလုပ်ကိုင်ခြင်း၊ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်နေကြသူများမှာလည်း မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် လုပ်ကိုင်နေကြသကဲ့သို့ ခွန်အားကို အသုံးပြုကာ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနှင့် လုပ်ကိုင်နေကြသူများသည်လည်း မိသားစု၏ စားဝတ်နေရေးအတွက် လုံးပမ်းနေကြသူများသာ ဖြစ်ကြသည်။ အချုပ်အားဖြင့်ဆိုရသော် တစ်နေ့တာ ရှင်သန်ရေးအတွက် မိမိတို့၏ သန်ရာသန်ရာ လုပ်ကိုင်နေကြသူများအားလုံးသည် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် “ကုန်ဈေးနှုန်းများကို စိန်ခေါ်နေကြသူများ” အဖြစ်နှင့်သာ တင်ပြလိုက်ရပေသည်။




