Homeဆောင်းပါး၇၉ နှစ်ပြည့် မွန်တော်လှန်ရေးနေ့နှင့် အကူးအပြောင်းကာလ တော်လှန်ရေးအလားအလာ

၇၉ နှစ်ပြည့် မွန်တော်လှန်ရေးနေ့နှင့် အကူးအပြောင်းကာလ တော်လှန်ရေးအလားအလာ

-

သတင်းဆောင်းပါး-ကညန်း

မွန်လူမျိုးတို့၏ ဆုံးရှုံးနေသော အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိရေး၊ မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်နှင့် ဘိုးဘွားပိုင်နယ်မြေများကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် စတင်ခဲ့သည့် မွန်အမျိုးသားတော်လှန်ရေးသည် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလအစိုးရထံ မွန်အမျိုးသားများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ထို့ကြောင့် နိုင်ပန်းသားနှင့် နိုင်မောင်သိန်းတို့ ဦးဆောင်သည့် မွန်လူငယ် ၂၇ ဦးတို့ ကရင်ပြည်နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ မွန်လက်နက်ကိုင် တော်လှန်ရေး သမိုင်း စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကိုင်စွဲ တော်လှန်ခဲ့သည့် ဝါခေါင်လပြည့်နေ့ကို “မွန်တော်လှန်ရေးနေ့” အဖြစ် အစဉ်အလာမပျက် နှစ်စဉ် သတ်မှတ်ကျင်းပခဲ့ကြရာ လာမည့် သြဂုတ်လ ၂၈ ရက်နေ့တွင် ၇၉ နှစ်ပြည့် မြောက်လာပြီး ဖြစ်သည်။

ယနေ့အချိန်အထိ မွန်အမျိုးသားတော်လှန်ရေးသည် မပြီးဆုံးသေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး ခေတ်အဆက်ဆက် မွန်လူငယ်များနှင့် ပြည်သူများက လိုလားချက်များ ရရှိသည်အထိ အားသစ်လောင်း လှုပ်ရှားလျက် ရှိသည်။

မွန်တော်လှန်ရေး ဖြစ်ပေါ်လာသည့် နောက်ခံအကြောင်းအရာနှင့် ရည်မှန်းချက်များသည် နွေဦးတော်လှန်ရေးနှင့် လာရာမတူညီသကဲ့သို့ လားရာလည်း မတူသည့်အတွက် ရောထွေးမမြင်ဘဲ မွန်အမျိုးသားလွတ်မြောက်ရေးနှင့် မွန်အမျိုးသားများကို ကိုယ်စားပြုသည့် တော်လှန်ရေးအဖြစ် သီးခြား တည်ရှိနေသည်။

တော်လှန်ရေးအတွင်း ပါဝင်မှု ပုံစံအပြောင်းအလဲများ

မွန်တော်လှန်ရေးအတွင်း ရောက်ရှိလာသည့် လူငယ်မျိုးဆက်သစ်များသည် အမိန့်တစ်ခုအောက်တွင် တစ်သွေမသိမ်း လိုက်နာဆောင်ရွက်သည့် ပုံစံထက် နည်းပညာနှင့် သတင်းအချက်အလက်များကို ကိုယ်တိုင်လေ့လာ၊ တွေးခေါ်ဆန်းစစ်၍ ဆုံးဖြတ်နိုင်စွမ်း ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။

အခြားသော တိုင်းရင်းသား လူငယ်များနှင့် ပိုမိုအချိတ်ဆက်မိလာပြီး အမျိုးသားရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် လွတ်လပ်စွာ ပါဝင်လာနိုင်ခြင်းသည် မွန်အမျိုးသားရေးနှင့် တော်လှန်ရေးအတွက် လူငယ်မျိုးဆက်သစ်များ၏ တန်ဖိုးရှိသော အင်အားသစ်တစ်ရပ် ဖြစ်လာနေသည်။

အဖွဲ့အစည်း သို့မဟုတ် ဌာနတစ်ခုတည်းကို ဗဟိုပြု၍ ပါဝင်သည့် အစဉ်အလာ ပုံစံမှ အပြောင်းအလဲများ ဖြစ်ပေါ်လာကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့မှ လူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“မွန်အမျိုးသားရေးနဲ့ ဆိုင်တဲ့ ပွဲတော်တွေမှာ မွန်လူငယ်တွေရဲ့ ပါဝင်မှုက တအားမြင့်ပါတယ်။ ဒါပေမဲ့ အဲဒီအဆင့်ကို ကျော်လွန်ပြီး နိုင်ငံရေးမှာ ဝင်ပါဖို့ကျတော့ အရင်မျိုးဆက်နဲ့ မတူတော့ဘူး။ အရင်မျိုးဆက်တုန်းက မွန်လူငယ် ပညာတတ်တွေဟာ မွန်ပြည်သစ်ပါတီမှာ စုစုစည်းစည်း ရှိခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာတော့ နိုင်ငံရေးအရ ပါဝင်တဲ့ မွန်လူငယ် အရေအတွက် နည်းပါးနေတဲ့ကြားကပဲ အဖွဲ့အသီးသီးမှာ ပျံ့ကျဲပါဝင်နေကြပြန်တယ်” ဟု ၎င်းက ဆိုသည်။

ရှေ့တန်းစစ်မြေပြင် လက်နက်ကိုင် တိုက်ပွဲများအပြင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ နည်းပညာနှင့် သတင်းအချက်အလက် ဖြန့်ဝေရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက် ဆက်သွယ်ရေး စသည့် ကဏ္ဍစုံတွင် နှံ့နှံ့စပ်စပ် ပါဝင်လှုပ်ရှားရင်း မွန်တော်လှန်ရေး၏ အခင်းအကျင်းသစ်ကို ပုံဖော်နေကြသည်။

သမိုင်းတစ်လျှောက် မွန်တော်လှန်ရေး ခရီးစဉ်၏ အသီးအပွင့်

နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် မွန်အမျိုးသား တော်လှန်ရေးသမိုင်းစဉ်အတွင်း မူလ နိုင်ငံရေး ရည်မှန်းချက်များ အပြည့်အဝ မရောက်သေးသော်လည်း လက်ရှိ ခင်းကျင်းထားနိုင်သည့် အခြေခံကောင်းများနှင့် အသီးအပွင့်အချို့ကိုမူ ငြင်းပယ်၍ မရပေ။

မွန်တော်လှန်ရေး၏ တိုက်ပွဲဝင်မှုများကြောင့် မွန်ပြည်နယ်ဟူသည့် တရားဝင် နယ်မြေ သတ်မှတ်ချက် ပေါ်ပေါက်လာခဲ့သလို မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေများအတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရားများကို စနစ်တကျ လည်ပတ်နိုင်ခဲ့သည်။

ထို့အပြင် ဖိနှိပ်ခံခဲ့ရသည့် မွန်စာပေ၊ ဘာသာစကားနှင့် အမျိုးသား ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို မျိုးဆက်အလိုက် ဆက်လက် ရှင်သန်နိုင်ခဲ့ခြင်းမှာလည်း တော်လှန်ရေး ခရီးစဉ်၏ သိသာထင်ရှားသည့် မဏ္ဍိုင်ကြီးများ ဖြစ်ခဲ့သည်။

သို့သော်လည်း အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဟူသော မူလ နိုင်ငံရေး ရည်မှန်းချက်၏ ၂၀ ရာခိုင်နှုန်းခန့်သာ ခရီးရောက်သေးကြောင်း ၈၈ မျိုးဆက် မွန်တော်လှန်ရေးသမားတစ်ဦးက သုံးသပ်သည်။

၎င်းက လက်ရှိ ရရှိထားပြီးဖြစ်သော နယ်မြေနှင့် စာပေယဉ်ကျေးမှု အခြေခံကောင်းများကို ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုရန် လိုအပ်ကြောင်း ထောက်ပြသည်။

“ဒီခေတ်သစ် မွန်တော်လှန်ရေး ၇၉ နှစ်အကြာမှာ နိုင်ငံရေး ရည်မှန်းချက် မပြည့်ဝသေးဘူးဆိုပေမဲ့ အသီးအပွင့်တချို့ ရရှိခဲ့ပါတယ်။ မွန်တော်လှန်ရေးကြောင့် မွန်ပြည်နယ်ဆိုတာ ဖြစ်ပေါ်လာတယ်၊ အုပ်ချုပ်ရေး လုပ်လို့ရလာတယ်။ ဒီရှိနေတဲ့ အခြေခံကောင်းတွေကို အသုံးချပြီး မွန်ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပါ ပေးနိုင်မှ မွန်လူထုရဲ့ ထောက်ခံမှုကို ပိုရလာမှာပါ” ဟု ၎င်းက ပြောသည်။

ခင်းကျင်းထားသည့် အုပ်ချုပ်ရေးအထိုင်နှင့် အမျိုးသားရေး အခြေခံကောင်းများအပေါ် မူတည်၍ ပြည်သူများ၏ လူမှုစီးပွား ဘဝကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ခြင်းသည်သာလျှင် မွန်တော်လှန်ရေး၏ အနာဂတ် ရည်မှန်းချက်များဆီသို့ လျှောက်လှမ်းရာတွင် ပြည်သူ့ထောက်ခံမှုကို ပိုမိုခိုင်မာစေမည့် သော့ချက်ဖြစ်ကြောင်း သုံးသပ်နေကြသည်။

အကူးအပြောင်းကာလ ရိုက်ခတ်မှုနှင့် စိန်ခေါ်မှုများ

မွန်အမျိုးသားတော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် ကာလရှည်ကြာလာသည်နှင့်အမျှ မျိုးဆက်တစ်ခုနှင့်တစ်ခုအကြား အမြင်ကွာဟချက်များ၊ မဟာဗျူဟာအယူအဆ ကွဲပြားမှုများနှင့်အတူ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။

လက်ရှိ နွေဦးတော်လှန်ရေး အရှိန်အဟုန်နှင့်အတူ မွန်တော်လှန်ရေးကို တစ်ဆင့်မြှင့်တင်ရန် မျိုးဆက်သစ် လူငယ်များက လိုလားနေကြသော်လည်း၊ တစ်ဖက်တွင်လည်း မျိုးဆက်ဟောင်း တော်လှန်ရေးသမားများမှာ သမိုင်းအတွေ့အကြုံများအရ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် ယုံကြည်မှု လျော့နည်းလာနေသည်။

ထိုအခြေအနေသည် အမျိုးသားတော်လှန်ရေး၏ သွားရာလမ်းကြောင်းတွင် ဟန်ချက်မညီမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

မွန်လူငယ်တစ်ဦးက “တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ဆိုတာ နှစ်ရှည်ကြာတတ်ပါတယ်။ မွန်တော်လှန်ရေးက ကာလကြာလွန်းသွားတဲ့အခါ မျိုးဆက်ပြဿနာ ရှိလာတယ်။ မျိုးဆက်သစ်တွေက နွေဦးတော်လှန်ရေးနဲ့အတူ လိုက်ပါစီးမျောပြီး မွန်တော်လှန်ရေးကို တဆင့်မြှင့်ချင်ပေမဲ့ မျိုးဆက်ဟောင်းတွေက အတွေ့အကြုံအရ လက်နက်ကိုင်လမ်းစဉ်အပေါ် ယုံကြည်မှု နည်းပါးလာတဲ့အတွက် ဟန်ချက်မညီဘူး ဖြစ်နေရတာပါ” ဟု သုံးသပ်ပြောဆိုသည်။

ထို့ပြင် ပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု အားနည်းလာခြင်း၊ တော်လှန်ရေး၏ မူလရည်မှန်းချက်နှင့် သမိုင်းဆိုင်ရာ ခိုင်မာမှုများ လျော့ပါးလာခြင်း၊ ရရှိလာသည့် နိုင်ငံရေးအခွင့်အရေးများကို ထိရောက်စွာ အသုံးမချနိုင်ခြင်းတို့သည်လည်း တော်လှန်ရေး ခရီးစဉ်အတွက် ကြီးမားသော အဟန့်အတားများဖြစ်နေသည်။

၈၈ မျိုးဆက် မွန်တော်လှန်ရေးသမားတစ်ဦး၏ အဆိုအရ “အဓိက စည်းလုံးမှုမရှိတာ၊ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းတာအပြင် နောက်တက်လာတဲ့ လူငယ်တွေနဲ့ အဖွဲ့အစည်းသစ်တွေကို နေရာပေးမှု အားနည်းတာတွေက အဓိက အဟန့်အတား ဖြစ်စေတယ်” ဟု ထောက်ပြထားသည်။

သို့ဖြစ်ရာ တော်လှန်ရေးအတွက် လိုအပ်သည့် ရင်းမြစ်များ အချိန်ကြာလာသည်နှင့်အမျှ ခမ်းခြောက်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

မွန်တော်လှန်ရေး အောင်မြင်စွာ ခရီးဆက်နိုင်ရန်အတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းအကြား နားလည်မှုတည်ဆောက်ခြင်း၊ လူငယ်များကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ သမိုင်းဝင် ရည်မှန်းချက်များကို ဆက်လက်ကိုင်စွဲ၍ ခိုင်မာသည့် စီးပွားရေးအခြေခံစနစ် တည်ဆောက်ခြင်းတို့မှာ အရေးပေါ် လိုအပ်လျက်ရှိသည်။

အနာဂတ် ရေရှည်မဟာဗျူဟာ ပြင်ဆင်မှု

စိန်ခေါ်မှုများ ရှိနေသော်လည်း မွန်ပြည်နယ်အတွင်း ကိုယ်ပိုင်အစိုးရဖြင့် စနစ်တကျ အုပ်ချုပ်နိုင်ရေးအထိ အနာဂတ်မျှော်မှန်းချက်များထားရှိကာ ပြင်ဆင်ရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

လက်ရှိ နွေဦးတော်လှန်ရေး အရှိန်အဟုန် ကျဆင်းနီးပါးဖြစ်နေသည့် အခြေအနေတွင် မွန်တော်လှန်ရေးပါ လျှော့ကျမသွားစေရန် အင်အားများကို အလဟဿ အသုံးမချဘဲ ကိုယ်ပိုင်လုပ်ငန်းစဉ်များဖြင့် အနာဂတ်အတွက် ပြန်လည်ပြင်ဆင် အားမွေးရမည်ဖြစ်သည်။

ခေတ်မီနည်းပညာများနှင့်အညီ မဟာဗျူဟာများကို ပြောင်းလဲပြင်ဆင်ပြီး မွန်တော်လှန်ရေး အင်အားစုများစုပေါင်းရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးလှုပ်ရှားသူ မွန်လူငယ်တစ်ဦးက အကြံပြုသည်။

၎င်းက “လက်ရှိမှာ နွေဦးတော်လှန်ရေး အရှိန်ကျသွားပေမဲ့ မွန်တော်လှန်ရေး အရှိန်မကျသွားအောင် ပစ္စုပ္ပန်မှာ ပြသရုံသက်သက် (For show) လုပ်ပြီး အင်အားဖြုန်းတီးတာထက် မိမိတို့ ကိုယ်ပိုင်အာဂျင်တာနဲ့ အနာဂတ်မှာ ဘယ်လိုပြန်တိုက်မလဲဆိုတာ ပြင်ဆင်အားမွေးရမဲ့ အချိန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မွန်တော်လှန်ရေး အောင်မြင်စွာ ခရီးဆက်နိုင်ရန်အတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းအကြား နားလည်မှုတည်ဆောက်ခြင်း၊ လူငယ်များကို နေရာပေး၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ သမိုင်းဝင် ရည်မှန်းချက်များကို ဆက်လက်ကိုင်စွဲကာ အနာဂတ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ခိုင်မာသည့် စီးပွားရေးနှင့် မဟာဗျူဟာ အခြေခံစနစ်များ တည်ဆောက်ခြင်းတို့မှာ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သုံးသပ်လိုက်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts