ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးများ ဆက်တိုက်မြင့်တက်လာနေပြီး ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ယခုရက်ပိုင်းအတွင်း သိန်း ၁၀၄ အထိ ဈေးနှုန်းများ မြင့်တက်လာနေကြောင်း ရွှေဈေးကွက်မှ သိရသည်။
စစ်ကောင်စီ (ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း) မှ ထုတ်ပြန်ပေးနေသည့် နေ့စဉ်ရွှေဈေးနှုန်းမှာ သိန်း ၇၀ ဝန်းကျင်သာရှိနေပြီး သတ်မှတ်ထားသည့် ဈေးအတိုင်း ရောင်းဝယ်ရန်လည်း ရွှေလုပ်ငန်းရှင်များ ကာလရှည်ကြာ ဖိအားပေးခံနေရသည်။
သို့သော် ရွှေဆိုင်အများစုသည် ပြည်ပပေါက်ဈေးအတိုင်းသာ အရောင်းအဝယ်လုပ်နေကြပြီး စစ်ကောင်စီ၏ သတ်မှတ်ချက်အပြင် အရေးယူဖမ်းဆီးမှုများကြောင့် ၂၀၂၄ ခုနှစ်မှစ၍ ရွှေဈေးကွက်အပေါ် ရိုက်ခတ်မှုများစွာ ရှိလာသည့်အခြေအနေကို မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ အခုရက်ပိုင်း ရွှေဈေးနှုန်းနဲ့ အရောင်းအဝယ် အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လိုင်းပေါ်မှာတော့ ၁၀၄ သိန်းအထိ ပေါ့နော်။ ကမ္ဘာ့ရွှေဈေးအရ ဒေါ်လာဈေးတက်တယ်။ ဘတ်ဈေး၊ ထိုင်းရွှေဈေး ၇ သောင်းကျော်တက်တယ်။ ဘာမှလုပ်လို့မရဘူးပေါ့နော်၊ တက်လိုက်ကျလိုက် ဖြစ်နေတာက အတွေ့အကြုံလည်း ရသွားပြီ။ ဒီလိုပဲ ဆက်သွားနေတော့မယ်။ အခုက မိုးရာသီလည်းဖြစ်တော့ သူ့ဖောက်သည် ကိုယ့်ဖောက်သည်အလိုက် နည်းနည်းပါးပါး အလဲအလှယ် ရောင်းဝယ်ရုံလောက်ပဲ ရှိကြတယ်။
မေး။ ။ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ လက်တွေ့ ရွှေဈေးကွက်ပေါက်ဈေးအကြား ဘယ်လိုရောင်းဝယ်နေရလဲ။
ဖြေ။ ။ စစ်ကောင်စီက သူတို့ ရွှေဈေးသတ်မှတ်ချက်က ၇၀ လောက်ပဲရှိတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းဝယ်တာလည်း မတူဘူး။ ကျနော်တို့နိုင်ငံရဲ့ ဥပဒေကိုက ရှုပ်နေတာ၊ သူတို့ဖွင့်ထားတဲ့ဈေးနဲ့ ရောင်းဝယ်လို့လည်း မရဘူး။ သူတို့ဥပဒေအတိုင်း ရောင်းရင် ‘အလျှော့တွက်ခ’ ခေါင်းစဉ်အောက်ကနေ အပိုတောင်းရမှာ ၅ ဆ၊ ၆ ဆလောက် ဖြစ်သွားမယ်။ ဝယ်သူနဲ့ ရောင်းသူအကြား ရှင်းပြရတာပေါ့နော်။ ဆိုင်မှာတော့ ရောင်းဝယ်ဖို့ ကပ်ထားတာက စစ်ကောင်စီသတ်မှတ်ဈေးဆိုပေမဲ့ အလျှော့တွက်ခတွေနဲ့ ချိန်ပြီး ရောင်းဝယ်ရတယ်
မေး။ ။ ရွှေဈေးကွက်မှာ ဥပဒေကြောင့် အရေးယူခံရနိုင်တဲ့ အခြေအနေတွေအပေါ် လုပ်ငန်းရှင်တွေ ဘယ်လို သတိထားနေရလဲ။
ဖြေ။ ။ အခက်အခဲကြားကနေပဲ လုပ်ကိုင်ရတယ်။ ဘဏ်နဲ့ငြိလိုက်၊ ဥပဒေနဲ့ငြိလိုက်၊ အရေးယူခံလိုက်နဲ့ပေါ့။ ဒါပေမဲ့ ကိုယ့်အလှည့် မထိသေးလို့ ဒီလိုနေနေလို့ရတယ်။ ဒီနည်းလမ်းက သူတို့အနေနဲ့လည်း ပိုက်ဆံ အလွယ်တကူရှာလို့ရတယ်။ ပုဒ်မ ဘယ်လောက် ဘယ်လောက်နဲ့ အမှုဖွင့်ပြီးတော့ ပြဿနာတစ်ခုခုဖြစ်ရင် ပိုင်ဆိုင်မှုတွေ၊ ရွှေတွေသိမ်းတာမျိုး၊ ဆိုင်မှာ ဝယ်ထားတဲ့သူတွေကို မေးမြန်းစစ်ဆေးတာမျိုး အဲ့လိုလုပ်လေ့ရှိတယ်။ ဥပဒေကတော့ ပြဿနာမဖြစ်သေးရင် အသက်မဝင်သေးသလိုနဲ့ သူတို့ဘက်က ပြဿနာရှာလိုက်တာနဲ့ အရေးယူခံရမှာပဲ။ အကျပ်ကိုင်ရင် သူတို့ချမှတ်တဲ့အတိုင်း ခံရတာပေါ့နော်။ သူတို့လည်း ဝင်စစ်တယ်၊ တစ်ခါတလေ ရွှေဈေးတက်ချိန်ဆို ပိုသတိထားရတယ်ပေါ့နော်။
မေး။ ။ စစ်ကောင်စီရဲ့ ရွှေဈေးကွက်ကို ထိန်းချုပ်နေတဲ့ အစီအစဉ်က ထိရောက်မှုမရှိဘဲ ရွှေဈေးကွက်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာလဲ။
ဖြေ။ ။ ကျမတို့အတွက် အရောင်းအဝယ်မှာ ဝယ်သူ၊ ရောင်းသူကို တစ်ခါတစ်လေ ရှင်းပြလို့မရတဲ့ အနေအထားထိ ရောက်သွားတာပေါ့နော်။ ဝင်မဖမ်းချင်တဲ့အချိန်ဆို လွှတ်ထားတာပေါ့၊ ပြဿနာတစ်ခုခု ဖြစ်လာရင် ဒဏ်ကြေးဆောင်ရမယ်။ ဥပဒေတွေ အများကြီး ထုတ်ထားတဲ့အခါကျတော့ ပတ်သက်လို့ အဆင်ပြေအောင် တစ်ယောက်နဲ့တစ်ယောက် ရောင်းဝယ်လုပ်စားနေရတယ်။ သူတို့လက်အောက်မှာပဲ ရှိနေရတယ်။ သူတို့ထိန်းတာက သူတို့စိတ်ကြိုက်၊ သူတို့လုပ်ရင် ဖြစ်နိုင်တယ်လို့ ထင်တာပေါ့နော်။ လက်တွေ့မှာ ဘယ်လိုရှုပ်နေလဲဆိုရင် စနစ်ဟောင်းလည်းရှိတယ်၊ ရွှေဈေးက ၂ မျိုး၊ ၃ မျိုး ကွာခြားလာတယ်။
မေး။ ။ ရွှေဈေးကွက်ထဲမှာ ကုန်သည်တွေကြား ယုံကြည်မှုနဲ့ ရင်းနှီးမြှုပ်နှံလိုစိတ် ဘယ်လောက်အထိ ကျဆင်းသွားခဲ့လဲ။
ဖြေ။ ။ ရင်းနှီးမြှုပ်နှံမှု ကျဆင်းတာက တော်တော်များများပေါ့နော်။ တိုင်းပြည်က စီးပွားရေးနဲ့ပတ်သက်ရင် ကျဆင်းနေပြီးသား၊ ပြညသူ့လက်ထဲမှာ ပိုက်ဆံမရှိတာလည်းပါတယ်။ ရွှေဝယ်ဖို့က ခုခေတ်မှာ သိန်းဂဏန်းနဲ့ ရွှေဝယ်လို့လည်း မရဘူး၊ သိန်း ၂၀ အထက်မှ နည်းနည်းပါးပါး ဝတ်လို့အဆင်ပြေမယ်။
မေး။ ။ စနစ်တကျ အရောင်းအဝယ် မလုပ်နိုင်တဲ့အခါ အရည်အသွေးမမီတဲ့ ရွှေတွေ၊ ရွှေအတုနဲ့ အလေးချိန် မမှန်တာမျိုး ဈေးကွက်ထဲမှာ ပိုများလာလား။
ဖြေ။ ။ မြန်မာပြည်ကသူတွေက ဈေးသက်သာတာကို လိုက်လေ့လာတယ်၊ လိုက်ဝယ်ကြတယ်။ ၅၀ ရာခိုင်နှုန်းလောက်က အဲ့တာကို ဦးစားပေး လိုက်ဝယ်ကြတယ်။ သိပ်နားမလည်တော့ ဈေးသက်သာတယ်၊ အလျှော့တွက် သက်သာတယ်ဆိုပြီး ဝယ်ကြတယ်။ နောက်ပိုင်း ရွှေအရည်အသွေးမမီတာ၊ လက်ရာ သပ်သပ်ရပ်ရပ် မဖြစ်တာ၊ ပေါက်ဈေးနဲ့ အရည်အသွေးမမီတာမျိုးတွေ ဖြစ်လာတယ်။ အချို့ကျတော့လည်း ရွှေရည်မမီရင်နေ လက်ရာကောင်းကောင်း ကြိုက်တာမျိုး ရှိတယ်ပေါ့နော်။ အဲ့လိုဆို တစ်ချို့က ဒီဆိုင်ပေါက်ဈေးအတိုင်း မဝယ်ဘဲ ဈေးသက်သာတဲ့ ဆိုင်သတ်မှတ်ပြီး ဝယ်ကြတယ်။ ရှင်းပြဖို့လည်း ခက်တယ်။ ဘယ်ဆိုင်ကောင်းတယ်၊ ဘယ်ဆိုင်မကောင်းဘူး ရယ်လို့တော့ မဟုတ်ပါဘူး။
မေး။ ။ အွန်လိုင်း Telegram ချန်နယ်ကနေတစ်ဆင့် ရွှေအရောင်းအဝယ် လုပ်နေကြတဲ့အပေါ် ဘယ်လိုအကဲဖြတ်လိုသလဲ။
ဖြေ။ ။ အဲ့တာပြောဖို့တော့ အဆင်မပြေဘူး။ တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းဝယ်တဲ့ နည်းစနစ်က မတူဘူး။ တစ်ချို့ဆိုင်တွေဆို ရောင်းတုန်းကတစ်မျိုး၊ ဝယ်တုန်းကတစ်မျိုး ခံရတာလည်း ရှိတယ်။ ပုံသေတွက်လို့တော့ မရဘူး။ မြန်မာပြည်ရဲ့ ရွှေလောကဟာ အရမ်းကို ရှုပ်ထွေးတယ်။ ဆိုင်တစ်ဆိုင်စီရဲ့ ရောင်းတဲ့ပုံစံနဲ့ သွားချင်တဲ့ပုံစံက မတူကြဘူး။




