Homeသတင်းသထုံတွင် မိုးကြိုးထိမှန်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

သထုံတွင် မိုးကြိုးထိမှန်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဒိုက်ကလေးကျေးရွာတွင် မိုးကြိုးထိမှန်ပြီး အသက် ၄ နှစ် အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သထုံမြို့နယ်၊ ကဒိုက်ကလေးကျေးရွာ၊ ကွက်သစ်ပိုင်းတွင် ‌နိုဝင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်ခန့်က အသက် ၁၂ နှစ်အရွယ် မောင်ထက်မြက်အောင်၊ အသက် ၈ နှစ်အရွယ် မရှင်းလင်းထက် နှင့် အသက် ၄ နှစ်အရွယ် မောင်ညီသုတတို့ ကလေး ၃ ဦး ကောက်ရိုးပုံအနီးတွင် ဆော့ကစားနေကြသည်။

ထိုသို့ ကလေးများ ဆော့ကစားနေစဉ် လျှပ်စီးလက်၍ မိုးကြိုးပစ်ချသဖြင့် မောင်ညီသုတအောင်မှာ ပြင်ပဒဏ်ရာမရှိဘဲ၊ ခန္ဓာကိုယ်ပြာနှမ်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် မရှင်းလင်းထက်နှင့် မောင်ထက်မြက်အောင်တို့ ၂ ဦးလည်း မိုးကြိုးစက်ကွင်းမိပြီး ဒဏ်ရာများ ရရှိခဲ့ကြသည်ဟုလည်း ဆိုသည်။

“မရှင်းလင်းထက်နဲ့ မောင်ထက်မြက်အောင်တို့ နှစ်ဦးလည်း မိုးကြိုးစက်ကွင်းမိပြီး ဒဏ်ရာတွေရရှိခဲ့ကြလို့ သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။ မောင်ထက်မြတ်အောင်က ဒဏ်ရာနည်းနည်းပြင်းထန်လို့ သိမ်ဆိပ်တိုက်နယ်ဆေးရုံကနေ သထုံခရိုင်ပြည်သူ့ဆေးရုံကို ထပ်မံပို့ဆောင်ပေးခဲ့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းအချိန်ကလည်း သထုံမြို့နယ် ဆင်ဖြူကျွန်းကျေးရွာ၊ ရပ်ကွက် (၇) အပိုင်းနေ ဦးကျော်သူနှင့် သမီးဖြစ်သူ မထက်ထက်သူတို့ နှစ်ဦးမှာလည်း မိုးကြိုးစက်ကွင်းထိ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးကန်နေကြစဉ် မိုးကြိုးပစ်ပြီး ရှေတန်းကစားသမားတစ်ဦး သေဆုံးသွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts