ကမ္ဘာ့တင်းမာမှုများ မြင့်တက်နေသော်လည်း ပြည်တွင်းစားနပ်ရိက္ခာ လုံလောက်စွာ ရှိနေဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပြီး အစားအစာများကို ကြိုတင်စုဆောင်းမထားကြရန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) က တိုက်တွန်းသည်။
ထိုင်းနိုင်ငံ၏ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးကို ကာကွယ်ရန်နှင့် နိုင်ငံတကာ အကျပ်အတည်းများကို စောင့်ကြည့်ရန် NSC က စစ်ဆင်ရေးစင်တာတစ်ခု တည်ထောင်မည်ဖြစ်သည်။
စပါးနှင့် ဆန်ရိက္ခာများအပြင် ဥများနှင့် အဓိက စားသုံးကုန်ပစ္စည်းများ လုံလောက်စွာ ရှိနေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက တင်ပြထားသည်။

သို့သော် နို့ထွက်ပစ္စည်းနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့ ပြတ်လပ်နိုင်ခြေရှိသဖြင့် ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်သွားမည်ဟု ဆိုသည်။
အစိုးရတွင် လုံလောက်သော အရန်ပစ္စည်းများ ရှိပြီးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကြီးမားသည့်ပမာဏဖြင့် ကြိုတင်စုဆောင်းရန် မလိုအပ်ဘဲ ကျိုးကြောင်းဆီလျော်ရုံသာ သိမ်းဆည်းနိုင်ကြောင်း ဆိုသည်။
လက်ရှိတွင် ကမ္ဘာ့ပဋိပက္ခများ၏ အစွန်းဘက်တွင်သာ ရှိနေသော်လည်း အကျပ်အတည်းအမျိုးမျိုးအတွက် အစိုးရက အရေးပေါ်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအစီအမံများကို ပြင်ဆင်ထားပြီးဖြစ်သည်။
စွမ်းအင်ဈေးနှုန်း မြင့်တက်လာနိုင်မှု၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်များကိုပါ အဆက်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် တရားဝင် သတင်းရင်းမြစ်များမှသာ သတင်းများကို ရယူကြရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများကို ရင်ဆိုင်နိုင်ရန် အနည်းဆုံး ၇၂ နာရီ၊ သုံးရက်စာ အသုံးအဆောင်ပစ္စည်းများ ပါဝင်သည့် အရေးပေါ်အိတ်တွေ ကြိုတင်ပြင်ဆင်ထားကြရန် ထိုင်းနိုင်ငံ၏ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေးဌာန (DDPM) က နိုဝင်ဘာ ၂ ရက်မှာ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။




