Homeသတင်းရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို ပစ်မှတ်ထားစောင့်ကြည့်ပြီး ဖမ်းဆီးမှုများဆက်တိုက်ရှိလာ

ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို ပစ်မှတ်ထားစောင့်ကြည့်ပြီး ဖမ်းဆီးမှုများဆက်တိုက်ရှိလာ

-

အာဏာသိမ်းစစ်အုပ်စုမှ ရေးဘီလူးအဖွဲ့၏ အင်တာနက် လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထားစောင့်ကြည့်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူများကို ယခုသြဂုတ်လတွင် ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်လာနေကြောင်း သိရသည်။

သြဂုတ်လအတွင်း ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာ၏ ပိုစ့်အောက်တွင် မှတ်ချက်ဝင်ရောက် ရေးသားသူအပြင် react ဝင်ရောက်ပေးထားသူ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးဒေသခံ ၃ ဦး ဖမ်းဆီးခံထားရသည်။

သတင်းရရှိချက်အရ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးမှုများအပြင် လမ်းမပေါ် စောင့်ဆိုင်း ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးထားသူများကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) ဖြင့် အမှုဖွင့်အရေးယူထားသည်။

ရေးဘီလူးမှ တင်ထားသည့် ပို့စ်ကို React ပေးခဲ့သည်ဟုဆိုက  ဩဂုတ်လ ၂၃ ရက်နေ့တွင် မော့ကနင်အခြေစိုက် ခလရ – ၁၀၆ တပ်ရင်းမှ အင်အားအလုံးအရင်းဖြင့် မော့ကနင်ရွာခံအမျိုးသမီးတစ်ဦးကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ ဖမ်းတုန်းက ရေးဘီလူးပိုစ့်မှာ အသဲပေးလား comment လားမသိဘူး အဲဒါလုပ်လို့ဆိုပြီးဖမ်းသွားတာပဲ ထောင်ချမယ်လို့လဲ ပြောတယ်။ အိမ်မှရှိနေတဲ့ သူတွေကိုလည်း စစ်တယ်။ တစ်အိမ်လုံးကို မွှေသွားတာ ” ဟု ရေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဝင်ရောက်ဖမ်းဆီးစဉ် နေအိမ်ကိုလည်း မွှေနှောက်ရှာဖွေခဲ့ကြပြီးအမျိုးသမီး၏ လက်ကိုင်ဖုန်းနှင့် ဖခင်ဖြစ်သူ၏ ဖုန်းအပါအဝင် ဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းသွားပြီး အိမ်တွင်းရှိ တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။

စစ်ကော်မရှင်အဖွဲ့မှ ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာတွင် ဝင်ရောက်မှတ်ချက်ရေးသားခြင်းကြောင့် ဖမ်းဆီးထားသူများကို တပ်ရင်းများတွင် စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် သက်ဆိုင်ရာ ရဲစခန်းများတွင် အမြန်ဆုံး အမှုဖွင့် အရေးယူမှုများ လုပ်ဆောင်နေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန် ရေးသား ဖြန့်ဝေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG, PDF, တော်လှန်ရေးအင်အားစုတို့ကို အားပေးထောက်ခံသည့်စာ ရေးသား ဖြန့်ဝေသူများကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သြဂုတ် ၂၄ ရက်နေ့ ထုတ်ပြန်ထားသည့် စာရင်းအရ စစ်တပ်အာဏာသိမ်းနောက်ပိုင်း နိုင်ငံရေးအကြောင်းပြချက်နှင့် ဖမ်းဆီးခံရသူ ၃၁၈၁၅ ဦးရှိပြီး၊ ထိန်းသိမ်းခံရဆဲဟု အတည်ပြုနိုင်သူ ၁၄၇၃၈ ဦး ရှိသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts