Homeဆောင်းပါးမွန်ပြည်နယ်တောင်ပိုင်းဒေသ စစ်ရေးလှုပ်ရှားမှုနှင့် ဒေသလုံခြုံရေး အခြေအနေ

မွန်ပြည်နယ်တောင်ပိုင်းဒေသ စစ်ရေးလှုပ်ရှားမှုနှင့် ဒေသလုံခြုံရေး အခြေအနေ

-

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း လတ်တလော စစ်ရေးတင်းမာမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေသည်။ ရေးမြို့နယ်သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ပေးထားသည့် အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်းကြောင့် စစ်ကော်မရှင်တပ်နှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များကြား နယ်မြေစိုးမိုးမှု ရယူနိုင်ရန် ကြိုးပမ်းသည့် စစ်မျက်နှာတစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိ ရေးမြို့နယ်၏ မြေပြင်အခြေအနေတွင် မြို့ပြပေါ်နှင့် နေရာအချို့ကို စစ်ကော်မရှင်၏ ဗျူဟာမြောက် အခြေစိုက်စခန်းများ၊ ဂိတ်များနှင့် နယ်မြေစိုးမိုးမှု အားကောင်းလာသည့် တော်လှန်ရေးအဖွဲ့များကြား စစ်ရေး အားပြိုင်မှုက ပြင်းထန်နေသည်။ အထူးသဖြင့် ရေး-ထားဝယ်လမ်းမကြီးတစ်လျှောက်တွင် လုံခြုံရေး စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး စစ်ရေးအရ အရေးပါသည့် လမ်းပိုင်းများကို ထိန်းချုပ်နိုင်ရန် နှစ်ဖက်စလုံးက ကြိုးပမ်းနေကြသည်။

နှစ်ဖက် စစ်ရေးအားပြိုင်မှု ပြင်းထန်နေသည့် ရေးမြို့နယ်အတွင်းကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုအပြင် တော်လှန်ရေးတပ်ဖွဲ့များ တည်ရှိနိုင်သည့်နေရာများကို လေကြောင်း အသုံးပြု တိုက်ခိုက်မှုများလည်း လုပ်ဆောင်လာသည်။ စစ်တပ်က ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးနေသည့် မွန်ပြည်သစ်ပါတီ (NMSP) စိုးမိုးနယ်မြေ ရေးချောင်းဖျားဒေသကိုပါ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာသည်။

ရေးမြို့နယ်အတွင်းက စစ်ရေးအခြေအနေ

မေ၊ ဇွန်လအတွင်းမှာ မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်ဆင်မှုအပြင် လေကြောင်း အသုံးပြုပြီး တိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်ခဲ့သည်။ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနိုင်သည့် နေရာများကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် ဝေဟင်ကင်းထောက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

တဘက်မှာလည်း ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်သို့ စက်တပ်လေထီး၊ ဒရုန်း အများအပြားကိုလည်း ပို့ဆောင်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တို့က ပြောသည်။

စစ်ကော်မရှင်တပ်က တော်လှန်ရေးတပ်ဖွဲ့များ ရှိနေနိုင်သည့်နေရာများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်နေသည့်အပြင် ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးနေသည့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေထဲကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကဆိုလျှင် ရေးချောင်းဖျားဒေသတွင် ၂၀၁၃ ခုနှစ်ဝန်းကျင်က မွန်ပြည်သစ်ပါတီ (NMSP) အတွက် ဂျပန်အစိုးအရ စာသင်ကျောင်းအပါအဝင် နေအိမ် အလုံး ၇၀ ကျော် တည်ဆောက်ပေးထားသည့်နေရာ စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း စာသင်ကျောင်းနှင့် နေအိမ် အားလုံးနီးပါး ထိခိုက်ပျက်စီးသွားခဲ့ရပြီး ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဇွန်လ ၃ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို စစ်ကော်ရှင်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးသွားသလို လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

အလားတူ မေလ ၂၇ ရက်နေ့ နံနက်အစောပိုင်းကလည်း ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးတပ်စခန်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇွန်လကုန်ပိုင်းခန့်ကလည်း အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းများ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေ ဝယ်ဇန်စခန်းအထိ စစ်ကြောင်းထိုး ဝင်ရောက်ရန် ကြိုးပမ်းခဲ့သေးသည်။

တဘက်မှာလည်း အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်၊ ကော့ဒွတ်၊ သပြေကျေးရွာဘက်သို့ လူစုခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည်လည်းရှိသလို ရေးတောင်ပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှု ရှိလာသည်။

ရေးဒေသခံတစ်ဦးက “မွန်ပြည်သစ်ရဲ့ ဝယ်ဇင်စခန်းထိ စစ်ကြောင်းထိုးတာမျိုး မရှိပါဘူး။ ဝယ်ဇင်မရောက်ခင် ဝယ်ပေါင်ရွာ အဲ့ဒီကနေ ကမ်းနီတောင်၊ ပိန္နဲတောဘက်ကို စစ်ကြောင်းထိုးတာမျိုးပါ။ စစ်တပ်ရဲ့လှုပ်ရှားမှုက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှ မဟုတ်ပါဘူး။ ခေါဇာလို ဒေသကိုလည်း လုံခြုံရေးယူလာတယ်” ဟု ပြောသည်။

ဇူလိုင်လအတွင်းမှာတော့ မွန်ပြည်သစ်နယ်နယ်မြေဘက် ဦးတည် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် စစ်ကော်မရှင် စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိတွင် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး စိုးမိုးနိုင်ရေး ပြန်လည် ကြိုးပမ်းလာသည်။

ဒေသတွင်း လုံခြုံရေးအခြေအနေ

စစ်ကော်မရှင်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံအရပ်သားပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့်အပြင် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံများ ဖမ်းဆီးခံရခြင်း၊ တိမ်းရှောင်ရခြင်းနှင့် ခြံလုပ်ငန်းများ မလုပ်ကိုင်နိုင်။

လတ်တလော လေကြောင်းတိုက်ခိုက်မှု ငြိမ်သက်နေသည့်အတွက် တိမ်းရှောင်နေကြသည့် ဒေသခံအချို့ နေရပ်ပြန်လာပြီး ခြံလုပ်ငန်းများ စတင်လုပ်ကိုင်နေကြသော်လည်း လုံခြုံမှု မရှိသည့်အခြေအနေကြောင့် သတိပြု သွားလာနေရသည်ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေက အကုန်လုံးပြန်လာတာတော့မဟုတ်ဘူး။ လေကြောင်းရန် ကြောက်လို့ တိမ်းရှောင်သူတွေ ရှိဆဲပါ။ အချို့က စီးပွားရေးအခြေအနေအရ အိမ်ကို ပြန်လာရတယ်။ ခြံသမားတွေက စားဝတ်နေရေးအရ မသွားလို့မဖြစ်တဲ့အခြေအနေဆိုတော့ လုံခြုံရေးစောင့်ကြည့်ပြီးတော့ သတိနဲ့ပေါ့ နီးစပ်ရာ ခြံတွေပဲ သွားကြတယ်။ စစ်တပ်က ဝင်ရောက်လာတာ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က မြေပြင်စစ်ဆင်ရေးများထက် လေကြောင်း အသုံးပြု တိုက်ခိုက်လာသည့်အပြင် တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုနှင့် ထောက်ပို့လမ်းကြောင်းများကို ဖိအားပေးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

စစ်ကော်မရှင်တပ်၏ ဗျူဟာပြောင်းလာသည့် စစ်ဆင်ရေးသည် စစ်ရေးပစ်မှတ်များအပေါ်တွင်သာမက အရပ်သားပြည်သူများအပေါ် သက်ရောက်မှုရှိနေပြီး ထောင်နှင့်ချီသည့် ပြည်သူများ အတိဒုက္ခရောက်ကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts