HomeVox Popကုန်ဈေးနှုန်းရိုက်ခတ်မှုနှင့် ဝင်ငွေနည်းမိသားစုများ၏ ရင်ဖွင့်သံ

ကုန်ဈေးနှုန်းရိုက်ခတ်မှုနှင့် ဝင်ငွေနည်းမိသားစုများ၏ ရင်ဖွင့်သံ

-

အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဇူလိုင်လကုန်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လာနေသည့်အတွက် အခြေခံနှင့် အလယ်လတ်တန်းစား မိသားစုများ၏ နေ့စဉ်ဘဝမှာ အစွန်းရောက် ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။

မိသားစုတစ်စု၏ ကုန်ကျစရိတ်မှာ တစ်လအနည်းဆုံး ကျပ် ၁၀ သိန်းကျော်အထိ ရှိလာ၍ အိမ်ထောင်ရှင်မများ အစွမ်းကုန် ချွေတာနေရပြီး၊ လက်လုပ်လက်စား မိသားစုများမှာမူ အသားဟင်းပင် မစားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။

လက်ရှိစားဝတ်နေရေးအကျပ်အတည်းကို ဒေသတွင်း ပုံမှန်ဝင်ငွေဖြင့် မဖြေရှင်နိုင်တော့ဘဲ ပြည်ပရောက် မိသားစုဝင်များ၏ ပို့ငွေဖြင့် တောင့်ခံနေကြရသလို၊ ကုန်ဈေးနှုန်းနှင့် စက်သုံးဆီ ဒုက္ခများကို မထိန်းချုပ်နိုင်သည့် အာဏာပိုင်များ၏ ပျက်ကွက်မှုအပေါ်လည်း ဒေသခံများက ပြင်းပြင်းထန်ထန်ဝေဖန်လာကြသည်။

ကြက်ဥမှအစ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိုးတက်နေသော်လည်း အလုပ်အကိုင် ရှားပါးပြီး လုပ်အားခ မတိုးသည့်အတွက် ချွေတာသုံးစွဲနေကြရသည့် မွန်ဒေသအတွင်းရှိ ဝင်ငွေနည်းမိသားစုများ၏ စကားသံအချို့ကို IMNA မှ ကောက်နှုတ်ဖော်ပြလိုက်သည်။

⬛မုဒုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက

“ဆီက ၈၀၀၀၊ ကြက်သွန်နီက ၇၀၀၀ ဖြစ်လာတယ်။ ဒီကြားထဲ ထိုင်းကုန်ကိုလည်း ဖမ်းဆီးပြီး ရတဲ့နည်းနဲ့ သွင်းနေရတော့ ထိုင်းကုန်တွေလည်း ဈေးကြီးပေးဝယ်နေရတယ်။ လိမ်းတဲ့သနပ်ခါးဆို တစ်ဗူး တစ်သောင်း ဖြစ်သွားတော့ သနပ်ခါးလိမ်းတာကအစ ပါးပါးလိမ်း များများမထည့်နဲ့ဆိုပြီး ကလေးတွေကို ပြောရတယ်။ ရွှေဘိုဆန်တွေဆို ရှိတဲ့သူတွေပဲ စားနိုင်တယ်။ မိသားစုများပြီး ဝင်ငွေနည်းတဲ့ကျမတို့အိမ်ဆို ရှိတာထုတ်ရောင်းရတာပေါ့။ ပုံမှန်ဝင်ငွေနဲ့ အလယ်လတ်တန်းစား မိသားစုတွေက အခြေခံရောက်သွားပြီး စားဖို့တအားချွေတာနေတဲ့အနေအထားကို တွန်းပို့လိုက်တာပဲ။ နေ့စဉ်စားဝတ်နေရေးအတွက် အနည်းဆုံး ဈေးတစ်ခါသွားရင် ၁ သောင်းခွဲပဲ အဲ့မှာ ကြက်သွန်နီ၊ ဆီတွေပါကုန်ရင် သုံးသောင်းအထိ ကိုင်သွားရတယ်။ တစ်လစရိတ်ကဆို စားသောက်ဖို့တင် ၁၀ သိန်းအထက်ပဲ၊ အခုကြက်သား ၅၀၀၀ ဝယ်ရင်လည်း တစ်နပ်စာမရဘူး ပုဇွန် ၅၀၀၀ ဖိုးဆို ဟင်းအစာပလာပဲရမယ်။ ကလေးအတွက်ကျောင်းမုန့်ဖိုးအတွက်လည်း ခွဲပေးရတယ်။ တစ်ထောင်ပေးတာလည်းသူတို့အတွက် ဘာမှဝယ်စားလို့ရတာ မဟုတ်တော့ဘူး။

⬛ပေါင်မြို့နယ်မှ အခြေခံလုပ်သား အမျိုးသားတစ်ဦးက

“ဈေးတက်လည်း ဖြစ်အောင်ဝယ်သွားကြရတာပဲ အဆင်ပြေအောင်။ အဆင်ပြေတယ်ဆိုတာက ဒီကလုပ်ခနဲ့ မဟုတ်ဘူး။ ယိုးဒယားတို့ စင်ကာပူတို့ မလေးတို့ပို့တဲ့ပိုက်ဆံတွေနဲ့ လည်ပတ်နေတော့ ငတ်ပြတ်တာတော့မရှိဘူး။ ကောက်စိုက်မျိုးနှုတ်တဲ့ အခြေခံလူတန်းအစားတွေကျ အသားဟင်းမစားနိုင်ဘူးပေါ့။ အစိုးရလည်း ဘာမှကူညီတာမဟုတ်ဘူး၊ သူတို့ကိုင်တွယ်ပုံကလည်း ဟုတ်မနေဘူး၊ လုပ်တာတစ်ခြား ဖြစ်နေတာက တစ်ခြား။ ရက် ၁၀၀ စီမံကိန်းဟာ ကုန်ဈေးနှုန်းပတ်သက်ပြီး ဘာမှမလုပ်ပေးဖြစ်ဘူး၊ အခုကြားထဲ ဓာတ်ဆီဒုက္ခပြန်ဖြစ်လာပြန်ပြီး၊ မှတ်ပုံတင်လုပ်ပေးနိုင်တာကလွဲလို့ ဘာမှမရှိဘူး။"

⬛မော်လမြိုင်မြို့မှ ကျောင်းဆရာမတစ်ဦးက

“ ကုန်ဈေးနှုန်တက်ပေမဲ့ ဝင်ငွေမတိုးနိုင်တော့ အသီးအရွက်ပဲ ရွေးစားနေကြရတယ်။ ကြက်ဥ၊ ဘဲဥဈေးလည်း ၇၀၀၊ ၈၀၀ ထိဖြစ်တော့ နေ့တိုင်းမစားနိုင်ဘူး၊ အပိုဝင်ငွေ ရနိုင်မယ့်နည်းလမ်းရှာနေရတယ်။ ကျောင်းဆရာမ လစာနည်းနည်းနဲ့ မီးဖိုးချောင်းသုံး ကုန်ဈေးနှုန်းကိုလည်း မကာမိတာအမှန်ပဲ။ စားဆီတွေ၊ ကြက်သွန်းနီကအစ ချွေတာ စားသုံးရတယ်။ အဲ့အစားဟင်းသီးဟင်းရွက်ပိုစားဖြစ်တာပေါ့၊ အသားငါးက ဝယ်မစားနိုင်ဘူး။ ပိုက်ဆံတစ်သိန်းရဖို့အတွက်က အင်မတန်ခက်လာတယ်။ ဈေးသွားရတဲ့အခါ အဲ့အိမ်မှာ ကျောင်းသား ၃ ယောက်လောက်ရှိလို့ကတော့ သုံးရက်လောက်ပဲခံတယ်။ တအားချွေတာတဲ့အိမ်ဆို တစ်ပတ်ခံတယ်။ အိမ်တစ်အိမ်စားစရိတ်လည်ပတ်ဖို့အတွက် အိမ်ရှင်မတို့က ခေါင်းစားနေရတယ်။ အခုမိုးရာသီဆို ထိုင်းကနေပို့လာတဲ့ပိုက်ဆံဆိုလည်း နည်းလာမယ်။ သုံးစရာပိုက်ဆံဆို တအားကျပ်တည်း လာတာပေါ့"

⬛သံဖြူဇရပ်မြို့မှ အိမ်ရှင်မတစ်ဦးက

“ ကလေးထမင်းချိုင့်ဆို ပဲတောင့်ကြော်တောင်မှ ကြက်ဥမထည့်နိုင်တော့ဘူး။ အမတို့အိမ်မှာဆို လူကြီးရှိတယ်၊ သူ့အတွက်စားဖို့က အသားငါး ချက်ကျွေးဖြစ်တယ်။ အမတို့အတွက်က အဆင်ပြေသလို စားရတယ်။ အသိဆွေမျိုးလာရင်တောင် ကော်ဖီတို့ ပါတီတို့တောင် ဧည့်မခံနိုင်တော့ဘူး။ အဝေးကလာတဲ့သူမှ ကော်ဖီမစ်တို့နဲ့ တည်းခင်းနိုင်တာ တစ်ထုတ်ကို ၆၀၀ တောင်မလို့၊အရင်ကတစ်ထုပ် ၁၀၀ ပဲ ပေါက်လွတ်ပဲစား ဝယ်ထားလို့နိုင်တယ်။ အံ့စာတုံမုန့်ဆို တစ်လုံး ၅၀၀ ထိတောင်ပေါ့၊ ထိုင်းကုန်တွေဆို မနည်းတက်တာပေါ့၊ အခုပိုခက်သွားတာကနေ့စား အလုပ်သမားတွေ စက်သုံးဆီမရှိတော့ သူတို့အလုပ်မလည်ပတ်တော့ အလုပ်လည်း မဆင်းရဖြစ်နေတယ်။ မြက်ရှင်းသမားတွေလည်း အလုပ်မလုပ်ရတော့တာ စက်ဆီမရှိလို့ ဈေးကြီးနေရတဲ့အထဲ အလုပ်ကလည်းနည်းလာသေးတယ်။ ရန်ကုန် မော်လမြိုင်ကားခ ၉ သောင်း၊ မော်လမြိုင်-သံဖြူဇရပ်ဆို ၁ သောင်းခွဲ အဲ့လောက်အထိ တက်ပြီးတော့လည်း ပြန်မဆင်းဘူး။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts