ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော် ၃ ရပ် (သို့) အစိုးရအဖွဲ့အတွင်းသို့ ဝင်ရောက်လိုသည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအပေါ် စစ်အစိုးရက စည်းမျဉ်အသစ်များဖြင့် တဖြည်းဖြည်း တင်းကြပ်လာသည်။
ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် အမတ်လောင်းဝင်ပြိုင်နိုင်ရန် ဘွဲ့ရရှိပြီးသူဖြစ်ရမည်ဟု စစ်အစိုးရ၏ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြလာသည်။
ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သော်လည်း သတ်မှတ်ချက်များအတိုင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပျက်ကွက်ပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ရွေးကော်ခုံရုံးက ဆုံးဖြတ်နိုင်ကြောင်းလည်း ဖြည့်စွက်ထားသည်။

ထို့ပြင် မိမိကိုယ်စားပြုထားတဲ့ ပါတီက မှတ်ပုံတင်ပယ်ဖျက်ခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးအဖြစ် ရွေးကောက်ခံထားရသော်လည်း အမတ်အဖြစ်မှ အလိုအလျောက်ပျက်ပြယ်သည်ဟု ဥပဒေအသစ်တွင် ပါဝင်သည်။
သို့သော် အခြားပါတီတစ်ခုခု၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်ပြုရန် သက်ဆိုင်ရာပါတီ၏ ပါတီဝင်ဖြစ်ကြောင်း အထောက်အထားနှင့် ပါတီဖျက်သိမ်းပယ်ဖျက်ခံရသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို လျှောက်ထားရမည်ဟု သိရသည်။
လက်ရှိ စစ်အစိုးရ၏ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက “ဟို ကျွန်တော်တို့ကိုဗျာ နိုင်ငံရေး မလုပ်နဲ့လို့ ပြောလိုက်သလိုပါပဲ။ UEC က ထုတ်သမျှ စည်းမျဉ်းကို ကျွန်တော်တို့က လိုက်နာရမှာလေ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဆိုရင်လည်းကြည့် ရံပုံငွေတွေရှာရ၊ လူအင်အားတွေရှာရနဲ့ သူတို့ သတ်မှတ်ချက်မပြည့်လို့ ဖျက်သိမ်းခံလိုက်ရတဲ့ပါတီတွေကိုလည်း ကြည့်အုံး။ ကျွန်တော်တို့ဆိုရင်လည်းဗျာ ပွင့်ပွင့်လင်းလင်းပြောမယ်။ ပါတီဝင်ပြည့်ရင်ပြီးရော လုပ်ခဲ့ရတာတွေ ရှိတယ်။ ဆိုတော့ အခုက သူတို့ ကြိုးဆွဲရာ လိုက်ကနေတဲ့တာဗျ” ဟု ပြောသည်။
စစ်တပ်ကျင်းပသည့် ၂၀၂၆ ရွေးကောက်ပွဲအတွင်း ပါတီရုံးခန်းနှင့် ပါတီဝင်အင်အားမပြည့်မှီသည့်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စု လယ်သမား၊ အလုပ်သမား အင်အားစုပါတီတို့ ဖျက်သိမ်းခံခဲ့ရသည်။
ရွေးကောက်ပွဲကော်မရှင် UEC ၏ ဥက္ကဋ္ဌကို အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က တိုက်ရိုက် ခန့်အပ်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း ဦးသန်းစိုးကို ရာထူးနေရာချပေးထားသည်။
စစ်တပ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းကို ၁၀ နှစ်အထိ တိုးမြှင့်ရန် ရှိနေသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်မှစပြီး ပြည်ထောင်စုဝန်ကြီးများအထိ မိသားစုဝင်၊ သားသမီး၊ ဇနီးနှင့် ချွေးမ၊ သားမက်များအထိ နိုင်ငံခြားဩဇာခံမဖြစ်ရ ဆိုသည့် ဥပဒေများကို ပြဌာန်းနိုင်ရန် ဆွေးနွေးသဘောတူညီခဲ့ကြသည်။
“ဒါက ဘာလဲဆိုတော့ ဒီ ၂၀၂၁ နောက်ပိုင်း ထွက်သွားတဲ့ နိုင်ငံရေးသမားတွေက ပြန်လာရင်တောင် ဝန်ကြီးတို့၊ ဒုဝန်ကြီးတို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောပဲ။ အစိုးရအကြီးပိုင်းတွေ မဖြစ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုရင် ဒီလူတွေက အာဏာသိမ်းတော့ ဒုက္ခသည်အဖြစ် တခြားနိုင်ငံတွေမှာ ခံယူရတာတွေရှိတယ်။ ဒါကို ပစ်မှတ်ထားတာ။ ဆိုတော့ နိုင်ငံထဲမှာ စစ်တပ်နဲ့ ဟုတ်လား သူတို့နဲ့ အဆင်ပြေမယ့် သူတို့လက်ခံမယ့် သူတွေပဲ အစိုးရအရာရှိတွေ ဖြစ်လာမယ်။ နေရာကောင်းရမယ်ဆိုတဲ့သဘောပဲ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက မှတ်ချက်ပြုသည်။
စစ်တပ်မှ အငြိမ်းစားယူလာသူများ၊ စစ်ခေါင်းဆောင်များ၏ အမိန့်အရ နိုင်ငံရေးသို့ ကူးပြောင်းလာသူများမှာ စစ်တပ်၏ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တွင် နေရာရကြပြီး စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း အနိုင်ရကြသည်။
လက်ရှိကာလတွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိ မြေပြင်မှ လုပ်ရပ်များမှာ ဥပဒေကို လက်တလုံးခြား လုပ်၍ စစ်အရာရှိများ နိုင်ငံရေးနယ်ပယ်တွင် ဦးဆောင်ရေး ကြိုးပမ်းချက်သာ ဖြစ်နေသည်။




