ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း၌ တရားမဝင်အခွန်ရှောင်စီးကရက်များ တင်ဆောင်မောင်းနှင်လာသည့် ပစ်ကပ်ကား ၂ စီးနှင့်အတူ “ပလပ် ” နှင့် “မက် ” ဟု အမည်ရှိ အသက် ၃၂ နှစ်အရွယ် လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

ဇူလိုင်လ ၁၈ ရက် ည ၈ နာရီခွဲကျော်အချိန်တွင် စံခလပူရီလမ်းကြောင်းဘက်မှ စီးကရက်မှောင်ခိုကားများ ဝင်ရောက်လာမည့် သတင်းရရှိချက်အရ ဆိုင်ယို့အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ လဝက နှင့် ယစ်မျိုးဌာန ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် သံသယဖြစ်ဖွယ် Isuzu မီးခိုးရောင် ပစ်ကပ်ကား ၂ စီးကို တားဆီးစစ်ဆေးရာ ကားအနောက်ဘက် အမိုးအကာအတွင်း ဂျုံဖာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရားမဝင် စီးကရက်ဖာများကို ရှာဖွေတွေ့ရှိခဲ့သည်။
ကားတစ်စီးလျှင် အနီရောင် Krong Thip စီးကရက် ၇၅ ဖာစီ (စုစုပေါင်း ဖာ ၁၅၀၊ ၃၇,၅၀၀ ဗူး)၊ လက်ကိုင်ဖုန်း ၂ လုံး ရှာဖွေ သိမ်းဆည်းခဲ့သည်။
သယ်ဆောင်လာသူနှစ်ဦးမှာ ကန်ချနပူရီသား မစ္စတာ ပလပ် နှင့် ဆူဖန်ပူရီသား မစ္စတာ မက် တို့ ဖြစ်ကြပြီး ၎င်းတို့သည် အဆိုပါမှောင်ခိုစီးကရက်များကို စန်ထပူရီခရိုင်သို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်း ဖြစ်သည်။
ယခုအခါ ဖမ်းဆီးရမိသူနှစ်ဦးလုံးကို သက်သေခံပစ္စည်းများနှင့်အတူ ဆိုင်ယို့ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး၊ အခွန်လွတ်ပစ္စည်းများကို တရားမဝင် လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးရောင်းချမှုတို့ဖြင့် ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကိုးကား-Kanchanaburi



