Homeသတင်းနွားတွေကို ကျေးဇူးဂုဏ်ပြုတဲ့ မွန်ရိုးရာဓလေ့ပွဲတော်

နွားတွေကို ကျေးဇူးဂုဏ်ပြုတဲ့ မွန်ရိုးရာဓလေ့ပွဲတော်

-

သတင်းဆောင်းပါး-အဗလိုင်း

ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ မွေးမြူရေးနွားတွေ ရှားပါးပြီး နွားအစစ်တွေအစား ရုပ်ပုံတွေကို အစားထိုးအသုံးပြုနေရပေမယ့် မွန်လူမျိုးတွေရဲ့ ကျေးဇူးသိတတ်တဲ့ ရိုးရာဓလေ့ စိတ်ဓာတ်ကတော့ ယနေ့အထိ မပြောင်းလဲသေးပါဘူး။

နှစ်စဉ် တော်သလင်းလဆန်း ၁၄ ရက်နေ့ ရောက်တိုင်း ရေးမြို့နယ်၊ လမိုင်းမြို့လမ်းမထက်မှာ ဆည်းလည်းသံ၊ အိုးစည်ဒိုးပတ်သံတွေနဲ့အတူ လူအုပ်ကြီးကို မြင်တွေ့နေရတာဟာ နွားတွေရဲ့ ကျေးဇူးကို ဂုဏ်ပြုဖော်ကျူးတဲ့အနေနဲ့  ပြုလုပ်တဲ့ “နွားလှည့်ပွဲတော်” ပဲ ဖြစ်ပါတယ်။

မွန်ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေထဲမှာ ထူးခြားတဲ့ ရိုးရာဓလေ့တစ်ခုအဖြစ် ပါဝင်တဲ့ နွားလှည့်ပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင်ပေါ်ပေါက်လာခဲ့တာလို့ လမိုင်းမြို့ခံတွေက ပြောပါတယ်။

ဒီဓလေ့ဟာ လေပြင်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လမိုင်းမြို့မှာရှိတဲ့ ဆံတော်ရှင်ကျိုက်ကေလာသစေတီတော်ကို ပြုပြင်မွမ်းမံခဲ့တဲ့ကာလနဲ့ ဆက်နွှယ်ပြီး ပေါ်ပေါက်လာခဲ့တာပါ။ 

အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စက်ယန္တရားတွေ မရှိသေးတဲ့အတွက် စေတီတော်ပြုပြင်ရာမှာ လိုအပ်တဲ့ ကျောက်၊ သဲ၊ အုတ်တွေအပြင် လဲပြိုနေတဲ့ သစ်တုံးကြီးတွေကိုလည်း ရွာတွေမှာရှိတဲ့ နွားတွေနဲ့ နွားလှည်းတွေ အသုံးပြုပြီး သယ်ယူရှင်းလင်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ဘုရားပြုပြင်ရေးလုပ်ငန်းမှာ အားတက်သရော ကူညီပေးခဲ့တဲ့ နွားညီနောင်နှစ်ကောင် ရှိခဲ့တယ်လို့ လက်ဆင့်ကမ်းပြောပြချက်အရ ဒေသခံတွေက ပြန်ပြောပြပါတယ်။

နွားညီနောင်နှစ်ကောင်ဟာ လိမ္မာပါးနပ်ပြီး ပိုင်ရှင်မပါဘဲ နွားကြိုးမှာထားတဲ့ အုတ်၊ ကျောက်တွေတင်ဆောင်ထားတဲ့ လှည်းတွေကို ကျိုက်ဇူကနေ ဆံတော်ရှင်ကျိုက်ကေလာသရှိရာ ဘုရားကုန်းအထိ မိမိတို့ဘာသာ ဆွဲယူသွားလေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

စေတီတော်ပြုပြင်ပြီးစီးတဲ့အထိ ဘုရားဝေယျာဝစ္စလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ကြတာကြောင့် ဒေသခံတွေအကြား အမှတ်တရဖြစ်လာခဲ့ပါတယ်။အဲဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ လမိုင်းမြို့တောင်ဘက်ပိုင်း၊ မရမ်းကျောင်းတိုက် ဆရာတော်က နွားညီနောင်နှစ်ကောင်ကို ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် တော်သလင်းလဆန်း ၁၄ ရက်နေ့မှာ နွားလှည့်ပွဲတော် ကျင်းပဖို့ စတင်သတ်မှတ်ခဲ့တယ်လို့ ပွဲတော်မှာ ပါဝင်ဦးဆောင်သူ လမိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီမွန်ရိုးရာ နွားလှည့်ဓလေ့ကို ကျင်းပနေတာက အခုဆို နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ ဆံတော်ရှင်ကျိုက်ကေလာသကို မွမ်းမံပြုပြင်တဲ့ကာလမှာ ထူးဆန်းစွာ ဘုရားဝေယျာဝစ္စလုပ်ပြီး ကုသိုလ်ကောင်းမှုယူခဲ့တဲ့ နွားညီနောင်နှစ်ကောင်ကို ကျေးဇူးဂုဏ်ပြုတဲ့အနေနဲ့ ဒီဓလေ့ကို လမိုင်းကျောင်းတိုက်ဆရာတော်က စတင်စီစဉ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

နွားညီနောင်နှစ်ကောင် ရှိစဉ်က ပွဲတော်ရက်မတိုင်မီ နွားတွေကို ရေချိုးသန့်စင်ပေးပြီး ဂျိုမှာ ရောင်စုံဖဲပြားတွေ စည်းနှောင်တာ၊ ခေါင်းလောင်းနဲ့ ဆည်းလည်းတွေ ဆင်မြန်းပေးတာ၊ ကိုယ်ပေါ်မှာကတ္တီပါအဝတ်တွေ ခြုံပေးတာနဲ့ ပန်းပွင့်တွေနဲ့ လှပစွာ တန်ဆာဆင်ပေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တန်ဆာဆင်ထားတဲ့ နွားတွေနဲ့အတူ ရွာသူရွာသားတွေ၊ လူငယ်လူရွယ်တွေက မွန်ရိုးရာ အိုးစည်၊ ဒိုးပတ်နဲ့ မွန်ဆိုင်းဝိုင်းတွေ တီးခတ်ကာ လမိုင်းမြို့တစ်ခွင် ရွာလုံးကျွတ် ပျော်ပျော်ပါးပါး လှည့်လည်ခဲ့ကြပါတယ်။နွားညီနောင်နှစ်ကောင် မရှိတော့တဲ့နောက်မှာလည်း ပွဲတော်ဓလေ့ မပျောက်ကွယ်စေဖို့ ဘုန်းကြီးကျောင်းတွေမှာ မွေးမြူထားတဲ့ နွားတွေနဲ့ ရွာတွေမှာ မွေးမြူထားတဲ့ နွားတွေကို ရပ်ကွက်အလိုက် တန်ဆာဆင်ပြီး အစားထိုးကျင်းပခဲ့ကြပါတယ်။

သို့ပေမဲ့ လက်ရှိကာလမှာ မွေးမြူရေးနွားတွေ ရှားပါးလာတာကြောင့် နွားအစစ်တွေအစား နွားရုပ်ပုံတွေ ပြုလုပ်ပြီး ရပ်ကွက်အလိုက် လှည့်လည်ကျင်းပလာကြရတယ်လို့ နွားလှည့်ပွဲမှာ ပါဝင်လေ့ရှိတဲ့ မွန်လူငယ်တစ်ဦးက ပြောပါတယ်။

“နွားတွေမရှိတော့လေ၊ ကျနော်တို့မီသလောက်တော့ နွားရုပ်ပုံတွေကို ရပ်ကွက်အလိုက် ပြုလုပ်ပြီး လှည့်လည်ရတယ်။ ဒီတော်သလင်းလဆို နှစ်တိုင်း လုပ်တယ်။ နွားတွေမရှိတော့ပေမဲ့ သီချင်းကာရံတွေ ဖန်တီးရေးသားပြီး အိုးစည်၊ ဒိုးပတ်တွေနဲ့ ရွာ၊ ရပ်ကွက်လှည့်တဲ့ ဓလေ့ကတော့ ကျန်နေဆဲပါ” လို့ သူက ပြောပါတယ်။

ဒီပွဲတော်မှာ နွားတွေကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ အဓိပ္ပာယ်အပြင် မွန်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ စုပေါင်းပါဝင်မှုနဲ့ ကျေးဇူးသိတတ်မှုကို ဖော်ပြတဲ့ ရိုးရာဓလေ့တစ်ခုအဖြစ်လည်း ဒေသခံတွေက ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။

ယခင်က မွန်ဒေသကျေးလက်လူမှုဘဝမှာ စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် နွားတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

 လယ်ယာလုပ်ငန်းခွင်မှာ ထွန်ယက်ခြင်း၊ ကုန်ပစ္စည်းသယ်ယူခြင်းနဲ့ လယ်ယာထွက်ကုန်တွေ ရွှေ့ပြောင်းခြင်းတို့မှာ နွားနဲ့ နွားလှည်းတွေကို အဓိကအသုံးပြုခဲ့ကြတာကြောင့် နွားကို လူမှုဘဝနဲ့နီးစပ်တဲ့ အိမ်မွေးတိရစ္ဆာန်တစ်မျိုးအဖြစ်သာမကအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အားထားရတဲ့ အလုပ်ဖော်အဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာ စက်ယန္တရားနဲ့ မော်တော်ယာဉ်တွေ အသုံးများလာတာ၊ ကျေးလက်ဒေသတွေမှာ နွားမွေးမြူတာ လျော့နည်းလာတာတို့ကြောင့် နွားတွေ ရှားပါးလာသလို ယခင်က နွားတွေနဲ့ တိုက်ရိုက်ကျင်းပခဲ့တဲ့ ပွဲတော်ပုံစံဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။

ဒါပေမဲ့ နွားရုပ်ပုံတွေ အသုံးပြုပြီး အိုးစည်၊ ဒိုးပတ်တီးကာ လှည့်လည်ခြင်း၊ ရိုးရာသီချင်းတွေ သီဆိုခြင်းနဲ့ စုပေါင်းပါဝင်ခြင်းစတဲ့ ပွဲတော်ရဲ့ အဓိကဓလေ့တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားကြပါတယ်။

အဲဒီပွဲတော်ရက်တွေမှာ လူငယ်လူရွယ်တွေက မနက်ပိုင်းအချိန်မှာ နွားရုပ်တွေနဲ့ လှည့်လည်ပြီးတဲ့နောက် ညနေပိုင်းအချိန်မှာ လမိုင်းမြို့ရှိ ဆံတော်ရှင်ကျိုက်ကေလာသစေတီတော်ကို သွားရောက်ဖူးမြော်ကြပြီး (ယခင်) နွားနဲ့ (ယခု) နွားရုပ်ပုံတွေကို ဘုရားရင်ပြင်တော်အနီး သတ်မှတ်ထားတဲ့နေရာမှာ စုဝေးစေကာ သံဃာတော်တွေဆီက ပရိတ်တရားတော်တွေ နာယူကြတယ်လို့ အဲဒီမွန်လူငယ်က ဆိုပါတယ်။

အခုအခါမှာလည်း နွားလှည့်ပွဲတော်ကို ကျင်းပနိုင်ဖို့အတွက် လမိုင်းမြို့က လူငယ်လူရွယ်တွေက အဖွဲ့တွေ စုစည်းပြီး ရပ်ကွက်အလိုက် နွားရုပ်ပြုလုပ်ခြင်း၊ ရိုးရာတူရိယာတွေ ပြင်ဆင်ခြင်းနဲ့ လှည့်လည်မယ့်အစီအစဉ်တွေကို ပြင်ဆင်နေကြပြီလို့ ပွဲတော်မှာ ပါဝင်ဦးဆောင်သူက ပြောပါတယ်။

“ပွဲတော်ရက်ကလည်း မကြာတော့ဘူးလေ။ အဲတော့ တော်သလင်းလဆန်းတာနဲ့ ရပ်ကွက်အလိုက် နွားလှည့်လည်တဲ့အခါမှာ ပါဝင်မယ့် အဖွဲ့ဝင်တွေကို စုစည်းဖို့၊ သီချင်းကာရံတွေ ရေးပြီး သီချင်းတိုက်ဖို့ လုပ်ကြတော့မယ်။ လဆန်းချိန်ကစပြီး ပွဲတော်ရက်မတိုင်ခင်အထိ ညတိုင်း လူရွယ်လူငယ်တွေက အိုးစည်၊ ဒိုးပတ်တွေနဲ့ ရွာလှည့်၊ ရပ်ကွက်လှည့်ပြီး ကိုယ်ရပ်ကွက်ကလူတွေ များများပါဝင်လာအောင် စုစည်းကြတာ၊ တိုက်တွန်းနှိုးဆော်တာတွေ လုပ်ကြတော့မယ်” လို့ သူက အခုပြင်ဆင်နေပုံကို ပြောပြပါတယ်။

နွားအစစ်တွေ ရှားပါးလာတာနဲ့အမျှ ပွဲတော်ရဲ့ မူလပုံစံဟာ ပြောင်းလဲလာပေမယ့် နွားတွေကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ အဓိပ္ပာယ်၊ ရပ်ရွာလူထု စုပေါင်းပါဝင်မှုနဲ့ မွန်ရိုးရာတူရိယာ၊ သီချင်း၊ လှည့်လည်ပွဲပုံစံတွေကို နည်းလမ်းသစ်တွေနဲ့ ဒေသခံလူငယ်တွေက ဆက်လက်ထိန်းသိမ်းပြီး မွန်ရိုးရာဓလေ့၏ ရှင်သန်မှုကို သက်သေပြနေကြဆဲပါ။

ရိုးရာဓလေ့တစ်ခု ရှင်သန်ဖို့အတွက် ပွဲတော်ကျင်းပခြင်းတစ်ခုတည်းသာမက အဲဒီဓလေ့ရဲ့ မူလသမိုင်းနောက်ခံ၊ အဓိပ္ပာယ်နဲ့ ပုံစံတွေကို လူငယ်မျိုးဆက်တွေ သိရှိနားလည်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးပါတယ်။

စာရေးသူအနေနဲ့လည်း ထူးဆန်းတဲ့ မွန်ရိုးရာဓလေ့ကို နှစ်ပေါင်း ၁၀၀ ကျော် ထိန်းသိမ်းလာတဲ့ လမိုင်းဒေသခံတွေကို လေးစားဂုဏ်ယူမိသလို နယ်ဝေး၊ နယ်နီးဧည့်သည်တွေအနေနဲ့လည်း တစ်နှစ်မှတစ်ခါ၊ တစ်နေရာသာ တွေ့နိုင်တဲ့ “နွားလှည့်ပွဲတော် (ခေါ်) ကျေးဇူးဂုဏ်ပြုတင်ပွဲတော်” ကို စိတ်ဝင်တစား လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts