Homeသတင်းကရုပ္ပိရွာ အုပ်ချုပ်ရေးမှူးနေရာအပြောင်းအလဲ မကြာခဏဖြစ်နေပြီး စစ်တပ်နောက်ခံရှိသူတစ်ဦးမှ စိတ်ကြိုက်စီမံနေ

ကရုပ္ပိရွာ အုပ်ချုပ်ရေးမှူးနေရာအပြောင်းအလဲ မကြာခဏဖြစ်နေပြီး စစ်တပ်နောက်ခံရှိသူတစ်ဦးမှ စိတ်ကြိုက်စီမံနေ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာတွင် အုပ်ချုပ်ရေးမှူးနေရာ အပြောင်းအလဲ မကြာခဏဖြစ်နေပြီး စစ်တပ်နှင့် နီးစပ်သူတစ်ဦးက နောက်ကွယ်တွင် စိတ်ကြိုက်စီမံ ခြယ်လှယ်မှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခု ၂၀၂၆ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း ကရုပ္ပိကျေးရွာတွင် အုပ်ချုပ်ရေးမှူးနေရာ အပြောင်းအလဲ ၃ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

အထူးသဖြင့် အုပ်ချုပ်ရေးမှုးများ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပါဝင်ပတ်သတ်နေသည်ဟု တိုင်ကြားခံရပြီးနောက် တာဝန်မှ ရပ်နားခြင်းခံနေရသည်ဟု အမည်မဖော်လို သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

"စစ်တပ်နောက်ခံရှိတဲ့ လူတစ်ဦးက အုပ်ချုပ်ရေးမှုးနေရာကို သူခြယ်လှယ်နိုင်မယ့် လူတွေကို ခန့်ချင်လို့ လက်ရှိ အုပ်ချုပ်ရေးမှုးတွေ တိုင်ကြားခံရတယ်ပေါ့လေ။ AD တွေနဲ့ ပတ်သတ်နေတယ်ဆိုပြီး တိုင်းခရိုင်စစ်ရုံးအထိတိုင်ကြားတော့ စစ်ဆေးခံနေရတယ်။" ဟု ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှုးများ အမှုရင်ဆိုင်ရသော်လည်း ပြစ်မှုထင်ရှားခြင်းမရှိသဖြင့် ပြန်လည်လွတ်မြောက်လာနေကြောင်း သိရသည်။

လစ်လပ်နေသည့် အုပ်ချုပ်ရေးမှုးနေရာများကို စစ်တပ် ကျောထောက်နောက်ခံရှိသည့် အုပ်ချုပ်ရေးမှုးဟောင်းဆိုသူတစ်ဦးက စိတ်ကြိုက်စီမံနေသည့်အပြင် ခရိုင်စစ်ဆေးရုံးထံ မမှန်မကန်တိုင်ကြားမှုများကိုလည်း ၎င်းကလုပ်ဆောင်နေကြောင်းဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“သူက အာဏာလည်းရှိတယ်။ စစ်တပ်ကျောထောက်နောက်ခံလည်းရှိတယ်။ သူဘာလုပ်လုပ် ဘယ်သူမှ ဘာမပြောရဲဘူး။ သူက အရင်ကတည်းက ဒီလိုပဲ။ ၂၀၂၀ ခုနှစ်မတိုင်ခင်တုန်းကလည်း အုပ်ချုပ်ရေးမှူး တစ်ဦးကို ဖြုတ်ချဖူးတယ်”ဟု ၎င်းက ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေး အရှုပ်အထွေးများအကြောင်း ပြောဆိုသည့် ဒေသခံများ အရေးယူခံရမည်ကို စိုးရိမ်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းများလည်း မလုပ်ဆောင်ရဲကြကြောင်း သိရသည်။

အဆိုပါ စစ်တပ်ကျောထောက်နောက်ခံရှိသူသည် ရွာအတွင်းရှိ ဒီရေတောမြေများ သိမ်းဆည်းရောင်းချခြင်းအပြင် ၎င်း၏အပေါင်းအပါများနှင့် ပူးပေါင်းကာ တရားမဝင်ပစ္စည်းများကို မှောင်ခိုတင်သွင်းခြင်းများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄  ခုနှစ်တွင်လည်း တောင်ညိုစစ်ကြောင်းအဖွဲ့ထံ လက်နက်များနှင့် အတူ တစ်လနီးပါး ဖမ်းဆီးခံခဲ့ရဖူးကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts