Homeဆောင်းပါးအသစ်တစ်ဖန် ပြန်လာတော့မည့် ဘုရားသုံးဆူ

အသစ်တစ်ဖန် ပြန်လာတော့မည့် ဘုရားသုံးဆူ

-

နေသူရိန် (သုံးသပ်ချက် ဆောင်းပါး)

၂၀၂၆ ခုနှစ် ဧပြီလလွန်မြောက်ပြီးနောက် မြန်မာတစ်နိုင်ငံလုံး၏ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော် အသီးသီး ပေါ်ပေါက်လာခဲ့သည်။ တပ်ချုပ်ကြီး မင်းအောင်လှိုင်သည်လည်း လွှတ်တော်၏ ဆန္ဒအရ မြန်မာနိုင်ငံ၏ သမ္မတကြီးဖြစ်လာခဲ့သည်။ မင်းအောင်လှိုင် သမ္မတဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်ချုပ်ဖြစ်လာခဲ့သည်။ ရဲဝင်းဦး တပ်ချုပ်ရာထူးရရှိပြီးနောက် ဇွန်လအတွင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ ထိန်းချုပ်ထားသော ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူဒေသအား စစ်ကော်မရှင်ထံသို့ ပြန်လည်၍ အပ်နှံရန် ရာဇသံပေးခဲ့သည့် သတင်းသည် ပြည်တွင်း မီဒီယာများကြားတွင် ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။

ထိုသို့ သတင်းထွက်ပေါ်လာပြီးနောက် ဘုရားသုံးဆူဒေသခံ ပြည်သူများက ဘုရားသုံးဆူဒေသ၏ စစ်ရေးအခြေအနေများကို စိုးရိမ်ထိန့်လန့်လာခဲ့ကြသည်။ ငွေကြေးအင်အား ဓနအင်အားရှိသည့် စီးပွားရေးသမားများနှင့် အရပ်သားတစ်ချို့တို့သည်လည်း တစ်နိုင်တစ်ပိုင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဘေးလွတ်ရာ ထိုင်းနယ်မြေအတွင်းသို့ ရွှေ့ပြောင်းနေကြသည်ကိုလည်း တွေ့မြင် ကြားသိနေရသည်။ သို့သော် စစ်ကော်မရှင်က ဘုရားသုံးဆူဒေသအား ၎င်းတို့ထံ ပြန်လည်အပ်နှံရန် သတင်းကို သတင်းမှားဖြစ်သည်ဟု ဘုရားသုံးဆူဒေသ၏ လုံခြုံရေးကို တာဝန်ယူထားသည့် DKBA ကလိုထူးဘော် စစ်ဗျူဟာ အမှတ် (၂) စစ်ကွတ်ကဲရေးမှူး ဗိုလ်ချုပ် စာအေဝမ်းက မီဒီယာမှတစ်ဆင့် ပြန်လည်၍ ရှင်းလင်းထားသည်ကိုလည်း တွ့မြင်ခဲ့ရသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသတစ်လျှောက်ဖြစ်သည့် မြဝတီဘက်ခြမ်းရှိ မင်းလက်ပံ၊ ဖလူး၊ ဝေါလေ စသည့်ဒေသများကို KNU နှင့် DKBA တို့ ထိန်းချုပ်ထားခဲ့ရာမှ စစ်ကော်မရှင်က ပြန်လည်၍ တောင်းဆိုခြင်းနှင့် စစ်ရေးတင်းမာမှုများကြောင့် ဘုရားသုံးဆူဒေသသည်လည်း စစ်ကော်မရှင်က ပြန်လည်၍ ပေးအပ်ရန် တောင်းဆိုခြင်းအပေါ် အလွယ်တကူနှင့် ပြေလည်မှုမရှိပါက စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ဘုရားသုံးဆူဒေသကို ပြန်လည်ပေးအပ်ရန်အတွက် (၂၀၂၅) ခုနှစ် အောက်တိုဘာလခန့်ကလဲ စစ်ကော်မရှင်က ပထမအကြိမ် တောင်းခဲ့ဖူးသည်။ ယခု (၂၀၂၆) တွင် ဒုတိယအကြိမ် ပြန်လည်၍ တောင်းဆိုခြင်းဖြစ်သည်။ နယ်စပ်ဒေသများ၏ လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ပါက ဘုရားသုံးဆူနယ်စပ်ဒေသသည်လည်း ၎င်းတို့ တောင်းဆိုသည့်အတိုင်း အသာတကြည်နှင့် ပြန်လည်ပေးအပ်ခြင်းမရှိပါက စစ်မက်ဖြစ်ပွားနိုင်ချေရှိသည်ဟုလည်း စစ်ရေးသုံး သပ်သူတစ်ချို့က ပြောကြသည်။

ဘုရားသုံးဆူဒေသအား စစ်ကော်မရှင်ထံ ပြန်လည်အပ်နှံရန်ကိစ္စကို DKBA က ငြင်းဆန်နိုင်နေသော်လည်း မုတ်သုံရာသီမိုးဥတုကာလ လွန်မြောက်ပါက ဘုရားသုံးဆူဒေသကို စစ်ကော်မရှင်ထံ ပြန်လည်၍ ပေးအပ်ရန် အစီအစဉ်များ ရှိနေပြီးဖြစ်ကြောင်း DKBA အစစ်အရင်းအမြစ်နှင့် နီးစပ်သူတစ်ချို့က ပြေဆိုနေကြပြီး ဖြစ်သည်။ “အမှန်တကယ်လဲ ဘုရားသုံးဆူကို စစ်တပ်စီ ပြန်ပေးအပ်ဖို့ အစီအစဉ်ရှိ နေပါတယ်။ ဗိုလ်မှူးချုပ် စာအေဝမ်းက သူ့ရဲ့အစီအစဉ်တွေ မပြီးသေးလို့ အချိန်စောင့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ ပွင့်လင်းရာသီရောက်တာနှင့် စစ်တပ်ကို ပြန်ပေးအပ်မယ်လို့ ထင်တယ်” ဟု လေ့လာသုံးသပ်နေသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသ၏ မြို့ပြပျောက်ကျားအဖွဲ့ဝင် လူငယ်တစ်ဦးကလဲ သူ၏အမြင်ကို ယခုလိုပြောသည်။ “စစ်တပ်က ပြန်အုပ်ချုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့လို တော်လှန်ရေးသမားတွေအနေနဲ့က နယ်မြေကျဉ်းသွားတာပဲ ရှိပါတယ်။ သိပ်ပြီးတော့ ထူးခြားမှုတွေ ရှိမလာနိုင်ပါဘူး။ အခုလည်း KNU , DKBA လက်အောက်မှာ ကျွန်တော်တို့နေ နေကြရတာဘဲ။ ကျွန်တော်တို့အတွက် အခွင့်အရေးဆိုတာ ဘာမှကို မရှိဘူး။ အားလုံးက သူတို့အလုပ်၊ သူတို့ရဲ့အမိန့်ပါဘဲ။ ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ဆိုတာ ဘာမှကို မရှိတာပါ။ သူတို့ပေးတာယူ ကျေးတာစား၊ ခိုင်းတာလုပ်နေရတဲ့ အခြေအနေမျိုးပါ” ဟု ရင်ဖွင့်ကာ ပြောဆိုသည်။

စစ်ကော်မရှင်က ဘုရားသုံးဆူဒေသအား ပြန်လည်အပ်နှံရန် တောင်းဆိုခြင်း ပြည်တွင်းမီဒီယာများကလည်း ဟုတ်တာကော မဟုတ်တာကော ပြောဆို ဝေဖန်နေခြင်းကြောင့် ဇွန်လလွန်ပြီးနောက်ပိုင်းတွင်ဘုရားသုံးဆူမြို့အတွင်း နေရာအနှံ့အပြားတွင် DKBA က လုံခြုံရေးများကို (၂၄) နာရီ အချိန်ပြည့်တိုး၍ ချထားခြင်း လုံခြုံရေးတင်းကြပ်မှုနှင့် စစ်ဆေးမှုများ ပိုမို၍ များပြားလာခြင်းတို့ကြောင့်လဲ ဒေသခံတို့၏ ထိန့်လန့်မှုများ ပိုမိုခဲ့ကြရသည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် အပေးအယူတည့်နေသော ဗိုလ်မှူးချုပ် စာအေဝမ်း၏ လက်ညှိးထိုးမလွဲသော စီးပွားရေးလုပ်ငန်းများနှင့် ၎င်းအား အဖက်ဖက်မှ အထောက်အကူပြုနေသည့် တရုတ်တို့၏ လုံခြုံရေးအတွက် စိတ်ချရသည့်အနေအထားများ ရောက်ရှိလာမည့်အချိန်ထိ ဘုရားသုံးဆူဒေသသည် စစ်မက်ဖြစ်ပွားရေး ကင်းစင်နေဦးမည်ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုမှုများ ရှိနေကြသည်။

မြဝတီဒေသနှင့် ဘုရားသုံးဆူဒေသအတွင်းရှိ လူသူလက်နက်အင်အား တောင့်တင်းခိုင်မာလျှက်ရှိသော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့ ကရင်လူမျိုးတို့၏ လွတ်လပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရရှိရန်အတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်ဘဲ ၎င်းတို့၏ အတ္တအကျိုးများအတွက်သာ လုပ်ကိုင်နေကြသည်။ ထိုသို့ လုပ်ကိုင်နိုင်ရန်အတွက်လည်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်ဟုလည်း ဘုရားသုံးဆူမြို့ခံ အသက် ၄၀ ကျာ် ကရင်အမျိုးသားတစ်ဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောအေဝမ်းအတွက် နေ့စဉ် ထိုင်းဘတ်ငွေ သန်းနှင့်ချီ၍ ရရှိနေသည့် ဘုရားသုံးဆူဒေသအား စစ်အစိုးရထံ ပြန်လည်ပေးအပ်ရန် ခက်ခဲမှုများ ရှိကောင်း ရှိနိုင်မည်။ သို့သော် အပြောနှင့်အလုပ် လက်တွေ့ညီမျှသော တပ်ချုပ် ရဲဝင်းဦး၏ ရာဇသံကိုတော့ လွန်ဆန်နိုင်မည်မဟုတ်သည်ကတော့ သေချာထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် အနုနည်းနှင့် မရလျှင် အကြမ်းနည်းနှင့် ဖြေရှင်းတတ်သော စစ်ကော်မရှင်၏ သဘောထားကို ဗိုလ်အေဝမ်းက နားလည်သဘောပေါက်နေခြင်းကြောင့်ပင် ဖြစ်သည်။ အနယ်ထိုင်စပြုနေပြီးဖြစ်သော စောအေဝမ်း၏ စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတာဝန်ယူထားသည့် တရုတ်တို့၏ နယ်မြေအသစ်များ စစ်မက်ဘေးဒဏ်ကြောင့် ပျက်စီးသွားမှာကို စောအေဝမ်းက လိုလားမည် မဟုတ်ပေ။

ထို့ကြောင့် DKBA အရင်းအမြစ်များက ပြောနေကြသည့် ဘုရားသုံးဆူမြို့ကို စစ်တပ်ထံ ပြန်လည်၍ အပ်နှံမည်ဟူသော သတင်းစကားသည် အမှန်လား၊ ကာလဟလလားဆိုသည်ကိုတော့ သံသယဖြစ်ဖွယ်ရာရှိပါသည်။ စစ်အစိုးရအုပ်ချုပ်စဉ်ကာလထက် အခွန်ကောက်များ အစစအရာရာ ပိုနေသော DKBA ၏ လက်အောက်အတွင်းမှ တစ်ဖန် စစ်တပ်၏အုပ်ချုပ်မှုအောက်သို့ ပြန်လည်၍ ရရှိသွားပါက ဒေသခံလူထု၏ လူနေမှုအခြေအနေနှင့် လုပ်ငန်း၊ ကိုင်ငန်း စီးပွားရေးလမ်းကြောင်းများသည်လည်း DKBA အုပ်ချုပ်မှုထက် ပို၍ ဆိုးရွားလာမည်လား ဒါမှမဟုတ် DKBA အုပ်ချုပ်မှုထက် သာလွန်၍ ကောင်းမွန်မည်လားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဘုရားသုံးဆူဒေသသည် အခြေအနေတစ်မျိုးနှင့် အသစ်တစ်ဖန်ပြန်လည်၍ အသက်ဝင်လာတော့မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts