ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်ရေယာဉ် ၂၀ စီးခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ရေယာဉ် ၁၅ စီးခန့်ကို စက်တင်ဘာ ၂ ရက်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ်အနီး၌ KIA နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သင်္ဘောက ဘယ်နှစ်စီးဆိုတာကတော့ ကျနော်တို့ အတိအကျ ကိန်းဂဏန်းနဲ့ ပြောပြနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အနီးစပ်ဆုံးကတော့ အစီး ၂၀ ဝန်းကျင်လောက်၊ အစီး ၂၀ ခန့်လောက်တော့ ကျနော်တို့ ပစ်ခတ်ပြီးမှ ဖျက်ဆီးနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
အဆိုပါ စစ်ရေယာဉ်များတွင် စစ်အုပ်စုတပ်သားများနှင့် တပ်မိသားစုဝင် အများအပြား လိုက်ပါလာကြပြီး အင်အား ၁၀၀ ကျော် KIA ထံ အညံ့ခံခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးရမိထားသည့် စစ်အုပ်စုတပ်သားများနှင့် မိသားစုဝင်များကို လက်ရှိတွင် စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း KIA က ပြောသည်။
စစ်အုပ်စုဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ကချင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
“ထိုးစစ်က တအား ထိုးစစ်ဆင်နေတယ်၊ ဒီဘက်ကလည်း (KIA) ခုခံပြီးမှ တိုက်ကြမယ် ဒါမျိုးဆိုရင်တော့ စစ်ပွဲတော့ ကြီးလာမှာပဲ။ ဒါကတော့ ခုနက ပြောတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ဟာတွေတော့ သူ့ဟာနဲ့သူ ဝေးသွားမှာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ ပထမဦးဆုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးမှ စကားပြောကြရင်တော့ ဒီဟာတော့ ဖြစ်လာမယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၂ ရက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁၅ စီးခန့်ကို ရွှေကူမြို့နယ်အနီးတွင် KIA က တိုက်ခိုက်ခဲ့ရာ ၁ စီး နစ်မြုပ်သွားပြီး ၄ စီး မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ထို့အပြင် စက်တင်ဘာ ၁၆ ရက်တွင် ရွှေကူမှ ဆန်တက်လာသည့် စစ်အုပ်စု၏ သင်္ဘော ၃ စီးအနက် ၁ စီးမှာ KIA ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိမ်းမှောက်နစ်မြုပ်သွားပြီး ကျန် ၂ စီးမှာ ရွှေကူသို့ ပြန်လှည့်သွားခဲ့ရသည်ဟု သိရသည်။
“အခုလောလောဆယ်က စစ်ရေးကတော့ ဗန်းမော်၊ ရွှေကူ၊ စင်းခန်းမှာတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ်။ အချိန်မရွေး တိုက်ပွဲကတော့ ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက် ခေါင်လန်ဖူးဘက်မှာလည်း အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်ချေရှိတဲ့ နေရာဒေသ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
စစ်အုပ်စုဘက်က စစ်အင်အားဖြည့်တင်းမှုများနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောထားသည်။




