မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာဘက်ကို စစ်ကော်မရှင်စစ်ကြောင်းထိုးလာစဉ် ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
နယ်မြေရှင်းလင်းရေးပုံစံဖြင့် မော့ကနင်ကျေးရွာမှ အင်အား ၂၀၀ နီးပါး ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့မှစပြီး နှစ်ကရင်၊ သပြေရွာသစ်နှင့် ကော့ဒွတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။
အဆိုပါ စစ်ကြောင်းသည် နှစ်ကရင်ကျေးရွာဘက်အတွင်းသို့ ဝင်ရောက်လာစဉ် ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်ဆုတ်သွားခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။

“သူတို့စစ်ကြောင်း ဝင်လာတာတော့ ဟုတ်တယ်ဗျ၊ လူလာဆွဲတာ။ နှစ်ကရင်ဘက်ကခြမ်းကို ဝင်ရောက်လာတော့ ရွာသားထဲက အမျိုးသားတစ်ယောက်ကို ဖမ်းဆွဲသွားတာ ရှိတယ်။ ဖမ်းပြီးတော့ ရွာတွေကနေ သူတို့ထွက်သွားကြတယ်” ဟု ပြောသည်။
ဒေသခံအမျိုးသားကို စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ရန် စစ်ကော်မရှင်စစ်ကြောင်းမှ အင်အားဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုနေသော်လည်း IMNA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိအနေအထားအရ ရေးမြို့နယ်အတွင်း စစ်ကော်မရှင်အပြင် တော်လှန်ရေးတပ်ဖွဲ့တို့က စစ်ရေးလှုပ်ရှားမှု နည်းပါးနေသည့်အတွက် တိုက်ပွဲဖြစ်နိုင်မည့်အခြေအနေ မစိုးရိမ်ရကြောင်းလည်း ဆက်ပြောသည်။
“စစ်ရေးလှုပ်ရှားမှုကတော့ အကုန်တိတ်ဆိတ်နေတယ်။ စစ်ကော်မရှင်အဖွဲ့ကတော့ အရင်လိုမျိုးပဲ ဟိုသွားဒီသွားတော့ ရှိတယ်။ ဒါပေမဲ့ စစ်ကြောင်းထိုးသလိုတော့ မဟုတ်ဘူး၊ လုံခြုံရေးအတွက် နယ်လှည့်နေတဲ့ပုံစံပေါ့။ သူတို့သွားလာရင်းနဲ့ စစ်ဆေးတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုအခြေအနေများကြောင့် ခရီးသွားလာစဉ် နယ်လှည့်သွားလာနေသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် ထိပ်တိုက်မတွေ့ရန် သတိပြုရန် တိုက်တွန်းသည်။
ရေးမြို့နယ်တွင် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် နယ်မြေဖြစ်ပြီး စစ်ကော်မရှင်လက်အောက်ခံအဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ ဖမ်းဆီးနေသလို စစ်ကော်မရှင်ဘက်မှလည်း တော်လှန်ရေးနှင့် ဆက်စပ်သူများကို မကြာခဏ ဝင်ရောက်ဖမ်းဆီးမှု လုပ်ဆောင်နေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် အခြားအချက်အလက်များအရ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ တစ်နိုင်ငံလုံးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သော အရပ်သားပြည်သူနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း သောင်းချီ ရှိနေကြောင်းလည်း ဖော်ပြထားသည်။



