တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ် အစရှိသည့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုတို့ကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီး၊ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိသည်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ စက်တင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရေကြီး တောင်ပြိုမှုအတွင်း ရုပ်အလောင်းများ ဆက်လက်တူးဖော်ရရှိနေပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေသည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ အချို့ဒေသများတွင် ရေအနည်းငယ်ပြန်လည်ကျနေသော်လည်း ဒေသအများစုတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဆက်လက်ဖြစ်ပွါးနေသည်။

ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုဖြစ်ပွါးသည့်နေရာများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး ကူညီကယ်ဆယ်မှုများ လိုအပ်လျှက်ရှိသည်။
“သေဆုံးသူတွေ ပျောက်ဆုံးသူတွေ ဆက်တိုးနေဆဲပါ၊ ပိတ်မိသူတွေလည်း ရှိနေပါတယ်။ တချို့နေရာမှာ ကူညီကယ်ဆယ်ရေးတွေ အပြည့်အဝ မရောက်နိုင်သေးဘူး” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းမရှိတော့သော်လည်း တောင်စောင်းများနှင့် မြေသားများ ပြိုကျနိုင်သေးသဖြင့် တောင်ခြေ၊ တောင်စောင်းနှင့် မြေပြိုမှုဖြစ်ပွါးခဲ့သည့်နေရာများအနီး နေထိုင် သူများ အထူးသတိပြုရန် ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။
လတ်တလောအခြေအနေသည် နေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် မလုံခြုံသေးသည့် အခြေအနေ ရှိနေဆဲဖြစ်သည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ထားဝယ်ခရိုင် လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ဖြစ်ပွါးခဲ့သည်။
ဓာတ်ပုံ – ဒေသခံ



