မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်တပ်ကအရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး လေယာဉ်၊ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး၊ အရပ်သား ၂ ဦး သေဆုံးကာ၊ ကလေးငယ် ၁ ဦး အပါအဝင် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
စစ်တပ် အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ရှိ ခမရ-၂၀၇ နှင့် အမတ-၃၁၀ တပ်ရင်းတို့မှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် (၁၂၀) မမ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခဲ့ရာ ပလိုခီး (ဇီးပြောင်း) ကျေးရွာအုပ်စု ဇီးပြောင်း (၄) ကျေးရွာ၊ ကညင်အိုင်ကျေးရွာအနီးနှင့် ဝက်ဝန်တောင်ကြိုးဝိုင်းအနီးရှိ အရပ်သားပြည်သူများ လုပ်ကိုင်စားသောက်နေသည့် လုပ်ငန်းခွင်များအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာခြံတွင် အလုပ်လုပ်နေသည့် ဧရာဝတီတိုင်းကရွှေ့ပြောင်းလုပ်သား ဦးသန်းစိုး ၃၅ နှစ် သေဆုံးပြီး ဖဒိုပလောရွာနေ ကရင်ကြီး ၅၂ နှစ်မှာ ထိခိုက်
ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ့တွင်လည်း စစ်တပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ ၁၂၀ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ အလူးကျေးရွာအုပ်စု ရှမ်းစုရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျကွဲမှုကြောင့် ရှမ်းစုရွာနေ မောင်ကုလား (၉) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၁) လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကော်ကပ်ကျေးရွာတွင် စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် အမျိုးသား နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် ကားတစ်စီး ပျက်စီးခဲ့ရသည်။
အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ နတ်စင်၊ ကျောက်ဖျာ၊ ခမောက်ခွေနှင့် ဌက်ပျောတောရွာဘက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် မြေပြင်မှ လက်နက်ကြီးဖြင့်လည်း အဆက်မပြတ် ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။
စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ငှက်ပျောတောကျေးရွာနေ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၃၀၊ ၄၀ ကြားဒေသခံ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသည်ဟု သိသည်။
စစ်တပ်သည် အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်ခြင်း မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများသို့ လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။
စစ်တပ်သည် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းကဲ့သို့သော စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟုလည်း ဆိုသည်။



