ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်၍ အသက်ဝင်လာရန်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ငြိမ်းချမ်းရေးဖိုရမ်များကို စတင်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် စစ်အစိုးရက ဦးဆောင်ပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်နှင့် မွန်လက်နက်ကိုင်ခေါင်းဆောင်အချို့ ပါဝင်သည့် “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၆ ခုနှစ်” ကို စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၂၇ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့ကြသည်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို လျှော့ချနိုင်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တို့က နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ဘယ်လိုလမ်းကြောင်းမျိုးနဲ့ စတင်နိုင်မလဲဆိုတာ ကျနော်တို့ ဒီဘက်က 7 EAO Alliance နဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်တာ နှစ်ကြိမ်ရှိပါပြီ။ မကြာခင်မှာလည်း တတိယအကြိမ်လုပ်ဖို့ ရှိတယ်။ ဒီကာလတစ်လျှောက်မှာကတော့ ကျနော်တို့ နိုင်ငံအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ပြန်လည်အသက်ဝင်နိုင်ဖို့အတွက် သက်ဆိုင်ရာဒေသ ပြည်နယ် တိုင်းအဆင့်တွေမှာလည်းပဲ သူတို့အတိုင်းအတာနဲ့ အဲဒီလို ငြိမ်းချမ်းရေးဖိုရမ်တွေ လုပ်ဖို့ စီစဉ်ဆောင်ရွက်တဲ့အထဲမှာ မနေ့တစ်နေ့က လုပ်တဲ့ ဘားအံမြို့၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကတော့ ပထမဦးဆုံးပါဗျ” ဟု ပြောသည်။
နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့မှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်။
၎င်းပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းနှင့် စစ်အုပ်စုမှ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance နှင့် စစ်အုပ်စုတို့ တွေ့ဆုံစဉ် NCA လမ်းကြောင်းအရ အဆင်မပြေတော့ကြောင်း၊ နည်းလမ်းသစ်ရှာဖွေရန် 7 EAO Alliance က အဆိုပြုခဲ့သည်ဟု သိရသည်။
“အားလုံးလိုက်ပါနိုင်မယ့် လမ်းကြောင်းတစ်ခု ကျနော်တို့က ကြိုးပမ်းရှာဖွေနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ 7 EAO Alliance အနေနဲ့ တင်ပြတာကတော့ NCA အတိုင်းတော့ အဆင်မပြေဘူး။ NCA ရဲ့ အနှစ်သာရကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျနော်တို့ အဆိုပြုခဲ့တာ ရှိတယ်” ဟု ကရင်လက်နက်ကိုင်တပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်ပြောသည်။
NCA ၏ အနှစ်သာရအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရန်၊ အရပ်သားများကို အကာအကွယ်ပေးရန် စသည်တို့ကို အခြေခံ၍ လုပ်ငန်းစဉ်တစ်ခုကို စစ်အုပ်စုထံ အဆိုပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကရင်ပြည်နယ် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသူများက ငြိမ်းချမ်းရေး၊ တတည်ငြိမ်ရေးတို့နှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ စစ်ဘေးဒဏ်သင့် ပြည်သူတို့၏ လူမှုဘဝတိုးတက်ရေး စာတမ်းဖတ်ကြား တင်ပြမှုများ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။



