မုန်တိုင်းငယ်အရှိန်ကြောင့် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အနှံ့အပြား မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ပြီး သစ်ပင်၊ ဓာတ်တိုင်များလဲပြိုခြင်းကြောင့် နေအိမ် ထိခိုက်ပျက်ဆီးမှုများ ရှိသည်ဟု လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှ စတင်ကာ မော်လမြိုင်မြို့အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွါးခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ပေါ်
ရပ်ကွက်အများစုတွင် သစ်ပင်လဲကျခြင်း၊ နေအိမ်ပေါ် သစ်ပင် လဲပြိုခြင်းနှင့် လမ်းများပိတ်ဆို့ခြင်းများ ဖြစ်ပွါးခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

“မိုးက နေ့လည်ပိုင်းလောက်ကတည်းက ရွာနေတာ။ ညနေပိုင်းလောက်မှာ လေရောပါလာတယ်။ ရပ်ကွက်တွေမှာ သစ်ပင်လဲတာ တချို့ အိမ်ပေါ် လဲကျပြီး အိမ်ပိတာ၊ လမ်းမှာလဲ အပင်တွေ လဲကျ၊ ဓာတ်တိုင်တွေ လဲကျထားတော့ လမ်းပိတ်ဆို့တာတွေ ဖြစ်တယ်။” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
အလားတူ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ်အတွင်း၌လည်း သစ်ပင်ကျခြင်း နေအိမ်အမိုးလန်ခြင်းများ ဖြစ်ပွါးခဲ့သည်။
အားကောင်းသောမုန်တိုင်းငယ်သည် မွန်ပြည်နယ် ကျိုက်ထိုမြို့တောင်ဘက်ကနေ ဖြတ်ကျော်ပြီး မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းတို့ကို သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။



