Homeသတင်းရာသီပေါ်သီးနှံများကို တောင်သူအများစု ထုတ်ကုန်အဖြစ်သာ ရောင်းချ

ရာသီပေါ်သီးနှံများကို တောင်သူအများစု ထုတ်ကုန်အဖြစ်သာ ရောင်းချ

-

မွန်ပြည်နယ်တွင် ဒေသထွက် ရာသီပေါ်သီးနှံများ အမြတ်အစွန်း ရရှိမှုနည်းပါးလာသဖြင့် ဈေးကွက်သို့တင်ပို့ရောင်းချခြင်းမပြုတော့ဘဲ ထုတ်ကုန်(ကုန်ချော)အဖြစ်သာ ထုတ်လုပ်ရောင်းချမှုများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရေးဒေသထွက် သရက်သီး၊ ကျွဲကောသီး၊ ဒူးရင်းသီး၊ နာနတ်သီးနှင့် အခြားရာသီပေါ်သစ်သီးများသည် ဈေးကောင်ရရှိသော်လည်း ဓာတ်မြေဩဇာ၊ လုပ်သားခနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မကာမိ၍ တောင်သူများ နှစ်စဉ် အကျိုးမြတ်ရရှိမှု နည်းပါးနေသည်။

ထို့ကြောင့် အအေးခံ၊ အခြောက်ခံစနစ်များ အသုံးပြု၍ ဒေသထွက်သီးနှံများကို ပိုမိုကောင်းမွန်သော ထုတ်ပိုးမှုပုံစံဖြင့် ဈေးကွက်သို့ တင်သွင်းရောင်းချမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတောင်သူတစ်ဦးက ဆိုသည်။\

“  ကုန်ကျစရိတ်က အခြားသွင်းအားစုတွေ မပြောနဲ့ ဓာတ်မြေဩဇာတစ်အိတ်က တစ်သိန်းကျော်ရှိတယ်။ တချို့ဆို သယ်ယူစရိတ်တောင် မကာမိဘူး။ သယ်ယူစရိတ်က ရေးကနေ မော်လမြိုင် ကားအသေးတစ်စီးက ၃ သိန်းကျော်လောက်ရှိတယ်၊ အရင်းကို လိုက်မမှီဘူး။ ” ဟု မွန်ပြည်နယ်မှ သစ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။

ကိုဗစ်ကာလမတိုင်မီကပင် ရာသီပေါ်သီးနှံများ ပျက်ဆီးဆုံးရှုံးမှုမှ လျှော့ချရန် သီးနှံများကို ထုတ်ကုန်အဖြစ် ဈေးကွက်တွင် စတင်တွေ့ရှိခဲ့ရသည်။

ယခုအခါ သရက်ယို၊ နာနတ်သီးယို၊ ဒူးရင်းသီးယို၊ ဖျော်ရည်နှင့် သစ်သီးခြောက်များ ကျိုက်ခမီ၊ စက်စဲကမ်းခြေများအပြင် ခရီးသွားလာမှုများသည့် နေရာများတွင် တင်ပို့ရောင်းချမှု ပိုများကြောင်း ၎င်းက ဆက်ပြောသည်။

“အစိမ်းရောင်းရင် ရာသီပေါ်တဲ့အချိန် ဈေးကျတယ်။ ယိုတွေ ထုတ်ကုန်လုပ်ပြီးရောင်းတော့ သိုလှောင်ထားလို့ရတယ်၊ တစ်နှစ်ပတ်လုံး ရောင်းချနိုင်တယ်။ ဒါမဲ့ နည်းးပိုပင်ပန်းခံရတာပေါ့ ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးနှင့် အစားအသောက် ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများမှလည်း သီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းသည် ဈေးကွက်အတက်အကျဒဏ်ကို လျှော့ချပေးနိုင်ပြီး တောင်သူများ၏ ဝင်ငွေကို အထောက်အကူပြုနိုင်ကြောင်း သုံးသပ်ကြသည်။

သို့သော် လျှပ်စစ်မီး၊ စက်ကိရိယာ၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ချိတ်ဆက်မှုများ လိုအပ်နေဆဲဖြစ်ပြီး တောင်သူအားလုံးအတွက် လက်လှမ်းမီသည့် နည်းလမ်းတစ်ခု မဖြစ်သေးကြောင်း လုပ်ငန်းရှင်များက ထောက်ပြသည်။

ထို့ကြောင့် သစ်သီးဈေးကွက်ကျဆင်းမှုကြောင့် ဝင်ငွေလျော့နည်းလာသည့် တောင်သူများအတွက် ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချရန် စိန်ခေါ်မှုများ ရှိနေသော်လည်း ဝင်ငွေတိုးနိုင်သည့် အလားအလာရှိသော နည်းလမ်းတစ်ခုအဖြစ် လက်ရှိတွင် စိတ်ဝင်စားမှု ပိုမိုရရှိလာနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မြေဧက ၄.၅သန်းကို စပါးစိုက်ပျိုး၍ ဧက ၅ သိန်းခန့်ကို ရာဘာစိုက်ပျိုးထားသည်။ မွန်ပြည်နယ်မှထွက်ကုန်ပစ္စည်းအားလုံးနီးပါး ကုန်ကြမ်းအဖြစ်သာရောင်းချနေသည့်အတွက် အမြတ်အစွန်းရရှိမှုအလွန်နည်းပါးသဖြင့် ယနေ့ကာလစီးပွားရေးအရ တွက်ချေမကိုက်ကြောင်းလည်း စီးပွားရေး လေ့လာသူများက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts