Monday, April 20, 2026
More
    spot_img
    Homeသတင်းလေကြောင်းတိုက်ခိုက်ခံမှုကြောင့် သေဆုံးသူ ၉၄ ရာခိုင်နှုန်းသည် အင်တာနက်ဖြတ်တောက်ခံရသည့် ဒေသများမှဖြစ်နေ

    လေကြောင်းတိုက်ခိုက်ခံမှုကြောင့် သေဆုံးသူ ၉၄ ရာခိုင်နှုန်းသည် အင်တာနက်ဖြတ်တောက်ခံရသည့် ဒေသများမှဖြစ်နေ

    -

    စစ်အုပ်စုမှ ပဋိပက္ခမြင့်မားသည့်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုနှင့် အင်တာနက်ဖြတ်တောက်မှုကို လုပ်ဆောင်နေမြဲဖြစ်ပြီး ပြီးခဲ့သည့် ၃ လတာတွင်  လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှု၏ ၉၄ ရာခိုင်နှုန်းသည် အင်တာနက်ဖြတ်တောက်ခံရသည့် ဒေသများမှဖြစ်သည်ဟု မြန်မာအင်တာနက် ပရောဂျက်အဖွဲ့ (MIP)က ပြောသည်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ၄၂၃ ကြိမ်ပြုလုပ်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် သေဆုံးသူ ၇၂၈ ဦးရှိကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) အစီရင်ခံစာအချက်အလက်များအရ သိရသည်။

    (MIP)မှ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် အင်တာနက်ဖြတ်တောက်မှု လုပ်ဆောင်နေသည်ကို ထင်ထင်ရှားရှားတွေ့ရကြောင်းနှင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အလွန်မြင့်တက်နေကြောင်း တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

    "ပဋိပက္ခမြင့်မားတဲ့ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အခါ အင်တာနက်ဖြတ်တောက်မှုတွေကိုလည်း လုပ်နေတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ သတင်းစီးဆင်းမှုကို ဖြတ်တောက်ကန့်သတ်ပြီး လေကြောင်းကနေ တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်ဆုံးရှုံးမှု အလွန်မြင့်တက်နေပါတယ်” ဟု သုံးသပ်သည်။

    သေဆုံးသူများတွင် အမျိုးသမီး အနည်းဆုံး ၁၀၇ ဦး၊  ကလေး ၅၀ ဦးအပြင် သက်ကြီးရွယ်အိုများ ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများရှိ အရပ်သားပြည်သူများသည် ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုအန္တရာယ်အရှိဆုံးအခြေအနေတွင် ရှိနေသည်။

    (၃) လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့သည် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်ခံရမှုများဖြစ်ပြီး မွန်ပြည်နယ်မှ ၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

    ၎င်းအပြင် ဆေးရုံနှင့် ဆေးပေးခန်းကဲ့သို့ အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် ရရှိနိုင်မှုအခြေအနေများအဟန့်အတား ဖြစ်လျှက်ရှိသည်။

    ယခု ဧပြီလ၌လည်း ပဋိပက္ခပြင်းထန်ရာဒေသများတွင် လေကြောင်းတိုက်ခိုက်မှုနှင့် အင်တာနက်ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဧပြီလ ပထမအပတ်က လေကြောင်းတိုက်ခိုက်ခံရမှုအပြင် ဖုန်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ခံနေရသည်။

    မွန်ပြည်နယ်တွင် ဘီးလင်းဒေသတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ယခုဧပြီလအတွင်း နေရပ်စွန့်ခွာသူ ပိုမိုများလာနေပြီး ကေအန်ယူနှင့် ဒေသတွင်း စစ်ဘေးရှောင်အရေးဆောင်ရွက်သူများက အရေးပေါ်အကူအညီများ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

    ထို့ကြောင့် ပဋိပက္ခဒေသများ၌ နေထိုင်သော အရပ်သားပြည်သူများ သတင်းစီးဆင်းမှုကို ကန့်သတ်ရန် ရည်ရွယ်သည့် ဆက်သွယ်ရေး ဖြတ်တောက်မှုနှင့် သာမက လေကြောင်းအန္တရာယ်များကိုပါ ပြင်ထန်စွာရင်ဆိုင်နေရသည်ဟု မြန်မာအင်တာနက်ပရောဂျက် (MIP) မှ  သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks