စစ်ကော်မရှင်လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ အခွင့်အရေးဖန်တီးပေးရေးကိစ္စများ ဆက်တိုက်ပြောဆိုလာပြီး လူငယ်များထံ ယုံကြည်မှုရရှိရန်ကြိုးပမ်းနေသည်ဟု မွန်လူငယ်အရေး လှုပ်ရှားသူများက ပြောသည်။
အောက်တိုဘာ ၁ ရက်နေ့က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်တွင် လူငယ်စင်တာတစ်ခု ဖွင့်လှစ်ခဲ့သည့်အပြင် စွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းများကိုလည်း ဆက်တိုက်ဖွင့်လှစ်နေကြောင်း သိရသည်။
လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများက လူငယ်များအတွက် အနာဂတ်အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်းနှင့် လူငယ်များ၏ခေါင်းဆောင်မှုစွမ်းရည် တိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ပြောကြားခဲ့သည်။

မွန်လူငယ်တစ်ဦးက “သူတို့ရဲ့ Propaganda (ဝါဒဖြန့်ချိရေး)အတွက်ပါပဲ။ ကျောင်းပုံစံလိုဖွင့်တာလည်းမဟုတ်ဘူး။ ရက်တိုသင်တန်းလောက်ပဲ ဖွင့်တာ။ အဓိကရည်ရွယ်ချက်က လက်ရှိအစိုးရနဲ့လူငယ်အကြား ယုံကြည်မှုတည်ဆောက်လို့ရအောင် သူတို့ဘက်က ကြိုးပမ်းနေကြတယ်လို့ ကျွန်တော်မြင်တယ်။ ” ဟုဆိုသည်။
စစ်မှုထမ်း ဖမ်းဆီးမှုကြောင့် မွန်ကျေးလက်ဒေသတွင်းရှိ လူငယ်အများမှာပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်မှု မြင့်တက်နေဆဲအပြင် ပြည်တွင်းရှိ လူငယ်များလည်း နေ့စဉ်သွားလာလှုပ်ရှားရာတွင် လုံခြုံမှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လူငယ်များ၏ ယုံကြည်မှု ပြန်လည်ရရှိရန် အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သည့် လူငယ်များကို ဦးစွာ စည်းရုံးလှုံ့ဆော်နေခြင်းဖြစ်သည်ဟု မွန်လူငယ်တစ်ဦးက သုံးသပ်သည်။
“မြို့ပေါ်မှာနေတဲ့လူငယ်တွေပဲ သူတို့ရဲ့သင်တန်းကိုတက်ရောက်ကြတာများတယ်။ ပြီးရောအစိုးရဘက်မှ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်အရွယ်ဝန်ထမ်းတွေ၊ ကျောင်းနေအရွယ် ဆယ်ကျော်သက်အရွယ်တွေပဲ သူတို့ရဲ့ လူငယ်တွေ့ဆုံပွဲ အမြင်ဖလှယ်ပွဲတွေတက်ရောက်နေတာတွေ့တယ်။” ဟုဆိုသည်။
ယခု လူငယ်စင်တာဖွင့်လှစ်ရေးလုပ်ငန်းစဉ်ကို နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၂၆ လူငယ်ဖိုရမ်၏ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
စစ်ကော်မရှင်အနေဖြင့် နိုင်ငံရေးအရ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန် လူငယ်ကဏ္ဍမြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေး လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်လေ့ရှိသော်လည်း၊ လူငယ်ထုအကြားတွ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ ဝါဒဖြန့်ချိမှုတစ်ခုသာဖြစ်သည်ဟု ဝေဖန်သုံးသပ်လျက်ရှိကြသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်ထုအပေါ် ပစ်မှတ်ထား ဖမ်းဆီးချုပ်နှောင်မှုပေါင်း သောင်းနှင့်ချီရှိခဲ့ပြီး၊ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြရသူ ရာနှင့်ချီရှိနေသည်ဟု ဖော်ပြထားသည်။
ပုံ-MOI




