မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် စစ်တပ် စစ်ကြောင်းနှင့် ရဲစခန်းတို့ကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ယမန်နေ့ (ဧပြီ ၁၈ ရက်) တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ဖွဲ့ကို ဧပြီလ ၉၊ ၁၀၊ ၁၁ ရက်နေ့ ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးအလုံး ၂၀ ဖြင့် ကြဲချတိုက်ခိုက်ခဲ့သလို သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ အခြေစိုက် ရဲစခန်းကို ဧပြီလ ၁၅ နှင့် ၁၆ ရက်နေ့ နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ယခုဧပြီလတွင် ၅ ရက်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရေးမြို့နယ်မြောက်ပိုင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီမှစ၍ မြန်မာစစ်တပ်ဘက်က အပြင်းအထန်း ထိုးစစ်ဆင်နေပြီး ယနေ့အထိ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ စစ်အင်အားများလည်း ထပ်မံဖြည့်တင်းထားသည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ပြောရေးဆိုးခွင့်ရှိသူ မိတလညာဏ်က ပြောသည်။
“သူတို့က ဒီအမှတ်(၈) လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ချင်လို့ အပြင်းအထန်း ထိုးစစ်နေတာ အင်အားတွေလဲ ထပ်ဖြည့်ထားတယ် အခုဆို သူတို့အင်အားက ၁၅၀ ကျော်လောက်ရှိမယ်။ စစ်ကြောင်းကတော့ တစ်ကြောင်းပဲ ဒါပေမဲ့ သူတို့ရဲ စစ်ဗျုဟာအပေါ်မူတည်ပြီးတော့ ၂ ကြောင်း ၃ ကြောင်း ခွဲနေတာလဲ ရှိတယ်။ စစ်ကြောင်းကလဲ ပျောက်လိုက် ပေါ်လိုက်ဖြစ်နေတယ်” ဟု မိတလညာဏ်က ပြောသည်။
ထိုကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေးမြို့နယ် မြောက်ပိုင်းဒေသတဝိုက်နှင့် အမှတ် (၈) ပြည်ထောင်စု ရေး-သံဖြူဇရပ်လမ်းပိုင်းတို့တွင် အချိန်မရွေး တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် သတိဖြင့် သွားလာနေထိုင်ကြပါရန် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တိုက်တွန်းထားသည်။
ဧပြီလ (၉) ရက်မှ (၁၆) ရက်နေ့ ၅ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေးပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲနှင့် မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။



