ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာတွင် တရုတ်စွန့်ပစ်ပစ္စည်းကို စားသုံးမိရာမှ မိသားစုလိုက် အစာအဆိပ်သင့်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က မယ်ထော်သလေးကျေးရွာအနီးရှိ တရုတ်လူမျိုးများ အခြေချနေထိုင်ခဲ့သည့် အဆောက်အအုံတစ်ခုမှ စွန့်ပစ်ထားသည့် တရုတ်စာတန်းပါ ဆားနှင့်တူသည့်အထုပ်တစ်ထုပ်ကို နေအိမ်သို့ ကောက်ယူစားသုံးမိရာမှ မိသားစုဝင် ၅ ဦး အစာအဆိပ်သင့်ခဲ့သည်ဟု မြဝတီ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် နီးစပ်သူမြို့တစ်ဦးက ပြောသည်။

“တရုတ်ဆိုဒ်အဟောင်းနေရာကနေ ကောက်ရလာတယ်လို့ ပြောတယ်။ အထုပ်ထဲကဟာက အိုင်အိုဒင်းဆားနဲ့လည်း တူတယ်။ အိမ်ကိုသယ်လာကြပြီးတော့ ဝက်ခြေထောက်နဲ့ ဝက်လက်ကို ချက်တော့ အဲအထုပ်ထဲကဟာကို ထည့်လိုက်တာ။ သူတို့က နေ့လယ် ၁၂ ခွဲလောက် ထမင်းလက်စုံစားလိုက်ကြတယ်။ အဲနောက် ညနေ ၃ နာရီလောက်မှာ စဖြစ်တော့တာ” ဟု ဆိုသည်။
စားသုံးမိသူ မိသားစုဝင် ၅ ဦးတို့သည် ဗိုက်အောင့်၊ ခေါင်းမူး၊ အော့အန် စသည့် အစာဆိပ်သင့်လက္ခာဏာများ ခံစားလာသည့်အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်ထားပြီး ယနေ့အထိ ဆေးကုသမှု ခံနေကြရသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်နေ မိသားစုတစ်စု တရုတ်လူမျိုးများ နေထိုင်အခြေချခဲ့သည့်နေရာမှ ဆိုဒီယမ်နိုက်ထရိတ်အမည်ပါ ဆားထုတ်နှင့်တူသည့် အထုပ်တစ်ထုပ်ကို နေအိမ်သို့ ကောက်ယူ စားသုံးမိခြင်းကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ရသည်။
ထို့ကြောင့် တရုတ်လူမျိုးများ အခြေချနေထိုင်ခဲ့သည့် နေရာအနီးတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် စွန့်ပစ်ထားသည့် ပစ္စည်းများကို ကောက်ယူစားသုံးခြင်း၊ ဝယ်ယူစားသုံးခြင်း၊ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စစ်ဆေးရှင်းလင်းမှုများ လုပ်ဆောင်ပေးရန် အထက်ပါမြို့ခံက တိုက်တွန်းသည်။
“အများနဲ့သက်ဆိုင်တဲ့ စားသောက်ကုန်ထုတ်လုပ် ဖြန့်ဖြူးလုပ်နေတဲ့နေရာတွေကိုလည်း တာဝန်ရှိ ဝင်ရောက်စစ်ဆေးသင့်နေပါပြီ။ တကယ်လို့များ အလှူအတန်းမှာ ဒီလိုမျိုးသာ ထည့်ချက်မိရင်တော့ ဆုံးရှုံးမှုက ဒီထက်ပိုများမှာလေ။ ဆွမ်းခံကြွနေတဲ့ ရဟန်း၊ သံဃာတွေကို ကပ်လှူမိရင်လည်း အန္တရာယ်ဖြစ်ကြမှာ” ဟု ပြောသည်။
အစာအဆိပ်သင့်မှု လက္ခာဏာများသည် ပျို့တက်ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်ရစ်ပြီး နာခြင်း အနည်းဆုံးလက္ခဏာသုံးချက်ကို ပြလေ့ရှိပြီး စားသုံးမိသည့် အဆိပ်ပေါ်မူတည်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့်အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးကုသမှု ခံယူရန်လိုအပ်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများမှ သိရသည်။




