မွန်ပြည်နယ်၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်အစပ်တွင် စစ်ကော်မရှင်က အသစ်ဖွင့်လှစ်ထားသည့် ကျွန်းရွာစစ်ဆေးရေးဂိတ်ကို မွန်ပြည်သစ်ပါတီ NMSP-AD လက်အောက်ခံ ရာမညမွန်တပ်တော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်သားများ အင်အားထပ်မံဖြည့်တင်းနေကြောင်း သိရသည်။
အောက်တိုဘာလဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့ထားသည့် ကျွန်းရွာစစ်ဆေးရေးဂိတ်ကို ရာမညမွန်တပ်တော် RMA က အောက်တိုဘာ ၃၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD က ထုတ်ပြန်ပြောဆိုသည်။

လက်ရှိတွင် ကျိုက်မရောမြို့အခြေစိုက် တပ်ရင်းအသီးသီးမှ တပ်သားများ စစ်ဆေးရေးဂိတ်နေရာအပြင် အနီးတစ်ဝိုက်ရှိ နေရာများသို့ အင်အားထပ်မံဖြည့်တင်းလာပြီး ကင်းပုန်းဝပ်သည့်ပုံစံဖြင့် တပ်ဖြန့်နေရာယူထားနိုင်ကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။
“ အစကတော့ အဲဒီဂိတ်မှာ အင်အား ၄၀ ရှိတယ်။ ကျနော်တို့ တိုက်ပွဲဖော်ဆောင်ပြီးတာနဲ့ ကျိုက်မရောကနေ အင်အားလာရောက်ဖြည့်နေတာ ရှိတယ်။ အဲဒီအင်အားတွေကို ဘယ်လိုဖြန့်ကျဲထားလဲ၊ နေအိမ်တွေမှာလား၊ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်နေတာကတော့ အတိအကျတော့ မသိသေးပါဘူး။ ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သားများ၏ စစ်ဆေးမေးမြန်းမှုများ ပိုမိုတင်းကျပ်ထားသည့်အပြင် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။
“အဲဒီလမ်းပိုင်းဘက်မှာ အရင်ကတော့ အေးအေးဆေးဆေး ဖြတ်သန်းသွားလာလို့ ရတယ်။ သူတို့ဂိတ်ချပြီးတဲ့နောက်မှာ အဲဒီဘက်ကို သိပ်ပြီးတော့ မသွားလာချင်တော့ဘူး။ အခုလည်း တိုက်ပွဲဖြစ်ထားတယ်ဆိုတော့ ပိုဆိုးပေါ့။ အဲဒီဂိတ်မှာတော့ သူတို့ဆက်ရှိနေတယ်။ တခြား ဘယ်လိုနေထိုင်နေလဲဆိုတာကတော့ မတွေ့မိဘူး” ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။
စစ်ကော်မရှင်က အသစ်ဖွင့်လှစ်ထားသည့် ကျွန်းရွာစစ်ဆေးရေးဂိတ်သည် ဘုရားသုံးဆူ-တံခွန်တိုင်-တောင်ကလေး-ကျွန်းရွာ-မုဒုံ ကားလမ်းပိုင်းပေါ်တွင် တည်ရှိပြီး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ရာနှင့်ချီ နေ့စဉ် ဖြတ်သန်းသွားလာနေကြောင်းလည်း သိရသည်။




