ထိုင်းနိုင်ငံ၊ ကန်ချပူရီပြည်နယ်၊ စံခလပူရီတွင် ဒေသခံ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ တေးဂီတပြပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ (စနေနေ့) တွင် စည်စည်ကားကား ကျင်းပသွားရန်ရှိကြောင်း သိရသည်။
ပွဲတော်တွင် ဒေသခံ တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ပြသရန်အတွက် အစီအစဉ်များစွာ ထည့်သွင်းထားပြီး နံနက် ၇:၀၀ နာရီမှ စတင်ကာ နတ်ပူဇော်ပွဲနှင့် မင်္ဂလာအခမ်းအနားဖြင့် စတင် ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် မွန်းလွဲ ၁၂:၀၀ နာရီတွင် တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှု ပြပွဲပြခန်းများကို ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး ညနေပိုင်းတွင် ပြဇာတ် သရုပ်ပြတင်ဆက်မှုများ၊ ယဉ်ကျေးမှုအကလှများ ပါဝင်မည်ဖြစ်သည်။
စံခလပူရီ အုပ်ချုပ်ရေးရေးအဖွဲ့မှ အခမ်းအနား ဦးဆောင်ဖွင့်လှစ်မည်ဖြစ်ပြီး ဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များနှင့် ခရီးသွားလာရေး တာဝန်ရှိသူများ ပါဝင်ဆွေးနွေးမည့် ဆွေးနွေးပွဲ အစီအစဉ်ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းနောက်တွင် စံခလပူရီဒေသအတွင်း နေထိုင်သည့် တိုင်းရင်းသား လူမျိုးစုများ၏ ဟင်္သာအက၊ ဒုံးအက၊ ရိုးရာအခြေခံဟန် ကပွဲများကို ည ၁၀:၂၀ နာရီအထိ အလှည့်ကျ တင်ဆက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကျင်းပမည့် စံခလပူရီဒေသသည် အရေးပါသောမြစ်သုံးသွယ်ဆုံရာ ဒေသဖြစ်သည့်အပြင် ဘုရားသုံးဆူနယ်စပ်ဒေသကို အစွဲပြု၍ " မြစ်သုံးသွယ်ဆုံရာ ဒေသ၏ တေးဂီတ ယဉ်ကျေးမှုပွဲတော်"ဟုလည်း သုံးနှုန်းထားသည်။
အဓိကအားဖြင့် ပွဲတော်ကို မဟီဒေါတက္ကသိုလ် (Mahidol Music) ၏ ဂီတဌာနနှင့် သုတေသနရန်ပုံငွေအဖွဲ့မှ ပူးပေါင်းပြီး စံခလပူရီဒေသတွင်းရှိ တိုင်းရင်းသား လူမျိုးစုများ၏ တေးဂီတယဉ်ကျေးမှုတွေကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် ယဉ်ကျေးမှုခရီးသွားလာရေးလုပ်ငန်းကို မြှင့်တင်ရန်ရည်ရွယ်ကြောင်းလည်း သိရသည်။




