Homeငြိမ်းချမ်းရေးလာမည့်ဇန်နဝါရီ ၈ ရက်နေ့တွင် JICM အစည်းအဝေးကျင်းပရန်လျာထား

လာမည့်ဇန်နဝါရီ ၈ ရက်နေ့တွင် JICM အစည်းအဝေးကျင်းပရန်လျာထား

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၃)

အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များပါဝင်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး JICM ကို လာမည့်ဇန်နဝါရီ ၈ ရက်နေ့တွင်ကျင်းပရန် လျာထားကြောင်း သိရသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နှင့် NCA လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ၁၀ ဖွဲ့တို့က ယမန်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ  JICM ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ရက်သတ်မှတ်လျာထားခဲ့ခြင်း ဖြစ်သည်။ 

JICM ဆိုင်ရာညှိနှိုင်းရေး(NCA-S EAO) အဖွဲ့ဝင် နိုင်အောင်မငေးက “JICM အစည်းအဝေးကို လာမယ့် ဇန်နဝါရီ ၈ ရက်နေ့မှာလုပ်ဖို့ လျာထားတယ်၊ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုပြီးခိုင်မာဖို့ အစီအစဉ်တွေကို ကျနော်တို့ဆွေးနွေးခဲ့တယ်”ဟု သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

လာမည့် JICM အစည်းအဝေးကျင်းပဖြစ်မည်ဆိုပါက NCA ၏ အဓိကယန္တရားများဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးများ ပြန်လည်စတင်ကာ ရပ်နားထားရသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ(စတုတ္ထအစည်းအဝေး) ကျင်းပနိုင်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

 “တပ်ပိုင်းဆိုင်ရာ JMC ကိစ္စတွေကိုလည်း အသေးစိတ်ဆွေးနွေးခဲ့တယ်၊ NCA ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ကြမှာလဲ၊ ၂၀၂၀ အလွန်မှာ Frame Work ကို ဘယ်လိုပြင်ဆင်သွားပြီးတော့ ရှေ့ဆက် ဘယ်လို သွားကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” နိုင်အောင်မငေးက ပြောသည်။

ယခုညှိနှိုင်းအစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ နှစ်ဖက်သဘောထားစုစည်းချက် (၈) ချက် သဘောတူညီနိုင်ခဲ့ပြီး JICM အစည်းအဝေးကျင်းပပြီးပါက NCA စာချုပ်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွေက ပြောသည်။

ဦးလှမောင်ရွှေက “JICM ပြီးသွားရင်တော့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေရှိတယ်၊ အဲဒီလုပ်ငန်းတွေအတိုင်း ဆက်သွားပြီးရင်တော့ ပထမနှစ်ဦးပိုင်းလောက်မှာ ပြင်ဆင်လုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC ရှိတယ်၊ ကျန်တဲ့အသေးစိတ်ကိုတော့ JICM အစည်းအဝေးပြီးတဲ့အချိန်မှာ ဆက်ပြီးတော့ ကျနော်တို့ နှစ်ဖက်ညှိနှိုင်းသွားမယ် ပြီးရင်တော့ UPDJC လို လုပ်ငန်းတွေကတဆင့် အစည်းဝေးတွေကတဆင့် ဆက်ပြီးတော့သဘောထားတွေကို ညှိနှိုင်းပြီးရင်တော့ NCA Process အတိုင်းပဲ ဆက်သွားမယ်”ဟု ဆိုသည်။

ယခုကျင်းပမည့် JICM အစည်းအဝေးတွင် နိုင်ငံတော်အစိုးရဖက်မှ အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ် ၁၀ ဦးနှင့် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့မှ ၁၀ ဦး ပါဝင်မည်ဟု သိရသည်။

ပြီးခဲ့သည့် NCA လေးနှစ်ပြည့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားအပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် JICM အစည်းအဝေးကျင်းပရန် သတ်မှတ်ခဲ့သော်လည်း တပ်မတော်၏လုံခြုံရေးအကြောင်းပြချက်ကို နားလည်မှုလွဲမှားပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်မလာရောက်နိုင်သည့်အတွက် ၈ ကြိမ်မြောက် JICM အစည်းအဝေး မကျင်းပဖြစ်ခဲ့ပေ။

Photo- JICM ညှိနှိုင်းအစည်းအဝေး(Hla Maung Shwe)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts