Homeငြိမ်းချမ်းရေး၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံတွင် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲရှိမည်

၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံတွင် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲရှိမည်

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၄)

၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ NMSP ညီလာခံကို မနက်ဖြန်(ဒီဇင်ဘာ ၂၅ ရက်) တွင် ရေးချောင်းဖျားဒေသရှိ ဗဟိုဌာနချုပ်၌ စတင်ကျင်းပမည်ဖြစ်ရာ ညီလာခံပြီးဆုံးပါက ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲရှိမည်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိ မွန်ပြည်သစ်ပါတီ ပေါလစ်ဗျူရို ဗဟိုအလုပ်အမှုဆောင် ထိပ်ပိုင်းခေါင်းဆောင် ၉ ဦးတွင် ကျန်းမာရေးမကောင်းသဖြင့် ဥက္ကဌ နိုင်ထောမွန် ညီလာခံသို့တက်ရောက်နိုင်ခြင်းမရှိသလို စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းသည်လည်း စစ်ဘက်ရာထူးအသက်ပြည့်နေပြီဖြစ်သည့်အတွက် တာဝန်လွှဲပြောင်းရမည့် အနေအထားဖြစ်သည်။

လတ်တလောအနေအထားတွင် နိုင်ဟံသာ မွန်ပြည်သစ်ပါတီ ဥက္ကဌဖြစ်လာနိုင်ခြေအများဆုံးရှိနေပြီး ဗိုလ်မှူးချုပ် ဗညားမဲ့စန်း(နိုင်ဂွယ်) သို့မဟုတ် ဗိုလ်မှူးကြီးဗညားချမ်းနွန်(နိုင်ဘခိုင်) တို့ စစ်ဦးစီးချုပ်ဖြစ်လာနိုင်သည်ဟု သုံးသပ်ကြသည်။

သို့ရာတွင် ညီလာခံကိုယ်စားလှယ်များ၏ လှို့ဝှက်မဲအဆုံးအဖြတ်ပေါ်တွင်သာ မူတည်နေသည့်အတွက် ညီလာခံရလဒ်များကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။

ညီလာခံသို့ ကိုယ်စားလှယ် ၈၀ ကျော်တက်ရောက်ကြမည်ဖြစ်ရာ ကျင်းပချိန် ၁၀ ရက်ခန့်ကြာမြင့်နိုင်သည်ဟု မွန်ပြည်သစ်ပါတီဗဟိုမှ သိရသည်။

မနက်ဖန်တွင်ကျင်းပမည့် မွန်ပြည်သစ်ပါတီဗဟိုညီလာခံဖွင့်ပွဲနေ့တွင် အထင်ကရမွန်သံဃာတော်များနှင့် မွန်ညီညွတ်ရေးပါတီ MUP ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ ဇန်နဝါရီ ၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၉ ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရန်ကော်မတီဝင် ၅ ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။

Photo-နဝမအကြိမ်မွန်ပြည်သစ်ပါတီဗဟိုညီလာခံဖွင့်ပွဲ (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts