Homeငြိမ်းချမ်းရေးကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး JMC-S တွင် ပါဝင်ခွင့်ရရန် မွန်ပြည်သစ်ပါတီ ထပ်မံတောင်းဆိုသွားမည်

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး JMC-S တွင် ပါဝင်ခွင့်ရရန် မွန်ပြည်သစ်ပါတီ ထပ်မံတောင်းဆိုသွားမည်

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၀)

မြန်မာစစ်တပ်နှင့် မွန်ပြည်သစ်ပါတီ NMSP အကြား လတ်တလော တစ်ဆို့နေသည့်လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် ပါဝင်ခွင့်ရရှိရန် မွန်ပြည်သစ်ပါတီ ထပ်မံတောင်းဆိုသွားမည်ဟု ဆိုသည်။

“ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး JMC-S အဆင့်မှာ ကျွန်တော်တို့ကို ပါဝင်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတယ်၊ ဒါပေမယ့်အခုချိန်အထိ ပါဝင်ခွင့်မရသေးဘူး၊ ဆိုတော့ အခုလို ဂျပန်ရေတွင်းမှာလို ပြဿနာမျိုးဖြစ်လာရင် ဘယ်သူတွေတာဝန်ယူ ဖြေရှင်းမှာလဲ၊ ဘယ်သူတာဝန်ယူမှာလဲ၊ ဒါတွေက အရေးကြီးတယ်၊ ဒါ့ကြောင့် JMC-S မှာ ပါဝင်ခွင့်ရအောင် ကျွန်တော်တို့ဆက်ပြီးတောင်းဆိုသွားမယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီကို ပြောသည်။

မွန်ပြည်သစ်ပါတီ တပ်တည်စခန်းဖြစ်သည့် ဂျပန်ရေတွင်းနေရာကို သဘောတူခွင့်ပြုချက်မရဘဲ ပြီးခဲ့သည့် နိုဝင်ဘာနောက်ဆုံးအပတ်က မြန်မာစစ်တပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်ဖွဲ့တို့ အင်အားသုံး၍ အတင်းဝင်ရောက်လာခြင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချိုးဖောက်သည်ဟု မွန်ပြည်သစ်စွပ်စွဲထားပြီး တရားဝင်ခွင့်ပြုချက်ရှိသော မွန်တပ်တည်ဧရိယာအတွင်း မြန်မာစစ်တပ်ဆက်လက်တပ်စွဲထားသည့်ဖြစ်စဉ်အား တာဝန်ယူဖြေရှင်းပေးသည့်ယန္တရားကိုလည်း မတွေ့ရှိရပေ။ 

နိုင်အောင်မငေးက “တပ်ပိုင်းဆိုင်ရာကိစ္စတွေက JMC နဲ့ တိုက်ရိုက်ပတ်သက်နေတယ်၊ ပဋိပက္ခမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ၊ ပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲ၊ အဆင်ပြေအောင်ဘယ်လိုလုပ်ဆောင်ရမလဲ၊ ဒါတွေကို JMC လုပ်ဆောင်ပေးရမယ်” ဟု ဆိုသည်။

ကရင်ပြည်နယ်အဆင့် JMC-S တွင် မွန်ပြည်သစ်ပါတီပါဝင်ခွင့်မရသေးသည့်အတွက် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်း၌ လက်ရှိဖြစ်ပေါ်နေသော မြန်မာစစ်တပ်နှင့် မွန်ပြည်သစ်တို့ လက်နက်ကိုင်ပဋိပက္ခဖြေရှင်းနိုင်ရေးမှာ ကြန့်ကြာမှုများဖြင့် ရင်ဆိုင်နေရသည်ဟု နိုင်အောင်မငေးက ထောက်ပြသည်။

အလားတူ အငြိမ်းစားတပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သည့် ရေးတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “ NCA ထိုးပြီးတဲ့ KNU အနေနဲ့ ကရင်၊ တနင်္သာရီ၊ မွန်နဲ့ ပဲခူး JMC-S တွေမှာ ပါဝင်ခွင့်ပေးပြီးတော့ နောက်မှ NCA လက်မှတ်ထိုးတဲ့ မွန်ပြည်သစ်ကိုတော့ JMC-S မွန်ပြည်နယ်တစ်ခုမှာပဲ ပါဝင်ခွင့်ပေးတာ၊ သူတို့တပ်ဖွဲ့တွေအခြေစိုက်တဲ့ ကရင်နဲ့ တနင်္သာရီတိုင်းမှာ ပါဝင်ခွင့်မပေးတာဟာ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းအတူတူ ခွဲခြားဆက်ဆံတာလားလို့ ကျနော်မေးချင်တယ်” ဟု မွန်သတင်းအေဂျင်စီ၏ ငြိမ်းချမ်းရေးစကားဝိုင်းအစီအစဉ်တွင် ပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့များအနေဖြင့် ကရင်ပြည်နယ်တွင် ခရိုင်ရုံး ၂ ရုံးနှင့်တပ်ရင်း ၃ ရင်း၊ တနင်္သာရီတိုင်းတွင် ခရိုင်ရုံး ၁ ခုနှင့် တပ်ရင်း ၁ ရင်း အခြေစိုက်လျက်ရှိပြီး အစိုးရနှင့် သဘောတူညီချက်အရ အမြဲတန်းတပ်တည်ခွင့် ၁၉ နေရာရှိကြောင်း မွန်ပြည်သစ်မှတ်တမ်းအရ သိရသည်။

Photo-ဂျပန်ရေတွင်း မွန်ပြည်သစ်ပါတီ တပ်စခန်း(NMSP)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts