Homeသတင်းQR  စနစ်ကြောင့် လူမှုကယ်ဆယ်ရေးအသင်းများ ဆီဝယ်ယူရန် ခက်ခဲနေဆဲ

QR  စနစ်ကြောင့် လူမှုကယ်ဆယ်ရေးအသင်းများ ဆီဝယ်ယူရန် ခက်ခဲနေဆဲ

-

စစ်ကော်မရှင်၏ စက်သုံးဆီဖြည့်တင်းမှုဆိုင်ရာ QR Quota စနစ်ကြောင့် မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များသည် ယနေ့အချိန်အထိ စက်သုံးဆီရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း အသုံးပြုနေသည့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်အများစုမှာ လိုင်စင်မဲ့ယာဉ်များဖြစ်သဖြင့် စက်သုံးဆီဝယ်ယူရရှိရန် စစ်ကော်မရှင်လက်အောက် မြို့နယ်အစိုးရအဖွဲ့မှ ဝယ်ယူခွင့် ထောက်ခံစာ ထုတ်ပေးထားကြောင်း သိရသည်။

သို့သော် ဆီဆိုင်များမှ QR  ဖြင့်သာ လက်ခံရောင်းချသဖြင့်  အရေးပေါ်ကယ်ဆယ်ရေးယာဉ်များအနေဖြင့် ပြင်ပဈေးကွက်မှ စက်သုံးဆီများကိုသာ အဓိကမှီခိုနေရဆဲဖြစ်ကြောင်း မုဒုံမြို့နယ်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီ စုံ/မ စနစ်ကြောင့် ကျနော်တို့ခက်ခဲတယ်။ ကျနော်တို့မှာရှိတဲ့ ထောက်ခံစာ/ စာရွက်အစုံပြပေးလည်း သူတို့မရောင်းပေးဘူး။ ရောင်းပေးရင်လည်း မှောင်ခိုဈေးနှုန်းနဲ့ပဲရောင်းပေးတယ်။ တစ်ခါတစ်လေ လူနာရှိနေရင်းနဲ့တောင် သူတို့မရောင်းပေးကြဘူး။” ဟုဆိုသည်။

စက်သုံးဆီဝယ်ယူမရခြင်းကြောင့် လူနာပို့ဆောင်ကယ်ဆယ်ရေးလုပ်ငန်းများ အခက်ကြုံလာရသည့်အပြင် ပြင်ပမှောင်ခိုဈေးနှင့် ဆီဝယ်ရခြင်းကြောင့် အသင်းရပ်တည်ရန်နှင့် လူနာရှင်များအတွက် ဝန်ထုပ်ဝန်ပိုး အခက်ခဲများ ရှိလာနိုင်ကြောင်း ဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့ မွန်ပြည်နယ် စက်သုံးဆီဆိုင်ကြီးများတွင် ဒီဇယ်တစ်လီတာ  ၅,၂၁၅ ကျပ်၊ ၉၂ တစ်လီတာလျှင် ၄,၈၀၅ ကျပ် နှင့် ၉၅ တစ်လီတာ ၄,၈၄၅ ကျပ် သတ်မှတ်ထားသော်လည်း မြေပြင်ဈေးကွက်၌ တစ်လီတာကျပ် ၂၀၀ ဝန်းကျင် တိုးမြှင့် ရောင်းချနေသည်။

လက်ရှိ မွန်ပြည်နယ်မှ လူမှုကယ်ဆယ်ရေးအသင်းတို့ကြုံတွေ့နေရသည့် ဆီပြသနာကို သက်ဆိုင်ရာအဖွဲ့ထံ တင်ပြထားသော်လည်း ပြောင်းလဲမှုမရှိကြောင်း ဆိုသည်။

“မုဒုံနဲ့မော်လမြိုင်လောက်ပဲဆိုကျွန်တော်တို့အတွက်က ပြသနာမရှိဘူး။ ဒါမဲ့ရန်ကုန်ပို့ရမည့်အရေးပေါ် လူနာဆိုရင် ဆီဆိုင်တိုင်းကို ထည့်သွားရတာ။ တစ်နေရာကို နှစ်သောင်းခွဲ သုံးသောင်း။ အဲ့အခါကျတော့ လူနာရဲ့အသက်အန္တရာယ်ကိုလည်း ထိခိုက်တယ်။” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ယနေ့အထိ စက်သုံးဆီပြတ်လပ်မှု၊ ဝယ်ယူရရှိရန်ခက်ခဲမှုနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များထက် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ရင်ဆိုင်နေရသော်လည်း စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့မှ ထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုတစ်စုံတစ်ရာ မလုပ်ဆောင်နိုင်သေးပေ။

အာဏာမသိမ်းခင်ကာလက မွန်ပြည်နယ်တွင် လူမှုကူညီရေးအသင်းအဖွဲ့ တစ်ရာဝန်းကျင်ရှိခဲ့ပြီး စစ်တပ်က အသင်းအဖွဲ့ဝင်အချို့ကို တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်မှု ရှိသည်ဟု စွပ်စွဲဖမ်းဆီးနေသည့်အပြင် ခြုံခိုတိုက်ခိုက်ခံရမှု၊ ရန်ပုံငွေအဆင်မပြေမှုနှင့် စက်သုံးဆီရရှိမှု အခက်အခဲကြောင့် အသင်းထက်ဝက်ကျော် ရပ်နားခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts