Homeသတင်း“သီတင်းကျွတ်ကာလနှင့် လွဲမှားသော အယူအဆ”

“သီတင်းကျွတ်ကာလနှင့် လွဲမှားသော အယူအဆ”

-

နေသူရိန်၊ အမြင်နှင့် သုံးသပ်ချက်။

ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်အခါသယသည် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် ပြီးမြောက်သွားခဲ့ပြီးဖြစ်သည်။ ဝါတွင်း (၃) လကာလပတ်လုံး ဝါဆိုတော်မူကြကုန်သာ ရဟန်းသံဃာများသည်လည်း လွတ်လပ်စွာ သွားလာနိုင်ကြပြီးလည်း ဖြစ်သည်။ ဘုရားသုံးဆူမြို့တွင် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကြီးသည်လည်း (၂၈) ကြိမ်မြောက်ပြီးဆုံး၍ (၂၀၁၉) ခုနှစ် ကိုဗစ်ကာလတွင် ရပ်နားခဲ့ရပြီးနောက် ယခုနှင့် (၂၀၂၆) ခုနှစ် (၂၉) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူ ပွဲကိုလည်း သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့တွင် စီစည်ကားတိုက်မြိုက်စွာ ပြန်လည်၍ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

ဘုရားသုံးဆူမြို့ ဒေသလုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကို မြို့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်စီမံကာ အလှူအတန်းတွင် သဒ္ဒါတရားထက်သန်လှသော ဗုဒ္ဓဘာသာဝင် ဒေသခံတိုင်းရင်းသား လူမျိုးစုများက အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကိုလည်း ကြည်နူးဝမ်းမြောက်စွာ တွေ့မြင်ခဲ့ရသည်။ မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကို လွန်ခဲ့သည့် အကြိမ်များက ဒေသလုံးကျွတ် သံဃာအပါးပေါင်း (၁၅၀၀) ကျော်ခန့်ကို အလှူဒါနပြုခဲ့ကြသော်လည်း ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့ရသည့်အတွက် ယခုနှစ် (၂၉) ကြိမ်မြောက်တွင် သံဃာအပါးပေါင်း (၁၂၀၀) ခန့်ကိုသာ ဆွမ်းလောင်းလှူဒါနပြုခဲ့ကြရသည်။

သီတင်းကျွတ်လဆန်းသည်မှစ၍ ဝါကျွတ်ကာလအတွက် အလှူအတန်းများ ပြုလုပ်ရန် ငွေေပဒေသာပင်များ ဆက်ကပ်ရန်အတွက် မြို့တွင်းတွင် အလှူခံအဖွဲ့များက ကားနှင့် တစ်သွယ် လမ်းလျှောက်၍ တစ်ဖုံ ပူပြင်းလှသော ရာသီဥတုကို အံတုကာ လှည့်လည်၍ အလှူခံနေကြသည်ကိုလည်း မြင်တွေ့ရပေသည်။ အလှူဒါန လက်နှင့်မကွာ ဆိုသည့်အတိုင်း မြို့နေလူထုကလည်း မိမိတို့ တတ်အားသရွေ့ အလှူဒါနများကို လှူဒါန်းခဲ့ကြသည်ကို တွေ့မြင်ရသည်မှာလည်း ကြည်နူးဝမ်းသာ ပီတိဖြာခဲ့ရပေသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနတွင် သဒ္ဒါတရားထက်သန်မှုကို အလေးအမြတ်ထား ကြည်ညိုခဲ့ရပေသည်။

သီတင်းကျွတ်ကာလ အဘိဓမ္မာ အခါတော်မြတ်ကို ပျော်ပွဲ ရွှင်ပွဲအဖြစ် အသိအမှတ်ပြုနေကြသည့် အသိခေါက်ခက် အဝင်နက်နေကြသည့် လူများမှာလည်း သီတင်းကျွတ်လဆန်းသည်မှစ၍ ဝါကျွတ်ကို ကြိုဆိုသောအားဖြင့် ဗျောက်အိုးများ ယမ်းပုံးများကို နေ့စဉ်ရက်ဆက် နေ့ရော ညပါ မြို့လုံးကျွတ် ဆူညံစွာ ဖောက်နေကြသည်ကိုလည်း နားမဆံအောင် ကြားနေရသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်တော်မူသော ဗုဒ္ဓမြတ်ဘုရားသည် တာဝတိံသာနတ်ပြည်တွင် ဝါတွင်း ၃ လကာလပတ်လုံး သီတင်းသုံး စံပါယ်တော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော် ဟောကြားရန်အတွက် လူ့ပြည်သို့ ကြွမြန်းလာ ခဲ့ခြင်းဖြစ်သည်ဟုလည်း မှတ်သား နားကြားခဲ့ရသည်။

သီတင်းကျွတ်ကာလတွင် အရပ်ဒေသမျိုးစုံ၌ ပျော်ပွဲ ရွှင်ပွဲများကို ဆူညံစွာ ကျင်းပပြုလုပ်နေကြသည်မှာလည်း ဗုဒ္ဓဘာသာဝင်တို့၏ လွဲမှားသော အယူအဆတစ်ခု ဖြစ်သည်ဟု သုံးသပ်မိပါသည်။ နယ်စပ်ဒေသတစ်ခုဖြစ်သည့် ဘုရားသုံးဆူမြို့တွင်တော့ သီတင်းကျွတ်ကာလကို ကြိုဆိုသောအားဖြင့် ယမ်းပုံးများ ဗျောက်အိုးများကို နေ့စဉ်ရက်ဆက်ပင် နေ့ရော ညပါ ပျော်ရွှင်ဆူညံစွာ ဖောက်နေကြသည်။ မြို့လုံခြုံရေးအဖွဲ့က တားမြင်ထားသည့် ကြားမှပင် ထိန်းမရ သိမ်းမရ ဖြစ်နေကြသည်။ မြို့တွင်း ရပ်ကွက်အတွင်း နေထိုင်ကြသော သက်ကြီးရွယ်အိုများ နာမကျန်းဖြစ်နေကြသူများ မီးဖွားထားသည့် သွေးနုသာ အမျိုးသမီးများ လသာအရွယ်ခလေးငယ်များ ထိန့်လန့်တကြား ဖြစ်ခဲ့ကြရသည်။ သီတင်း ကျွတ်ကာလကို ကြိုဆိုသော ဤအဖြစ်အပျက်များသည် တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်တော်မူသော ဗုဒ္ဓမြတ်ဘုရား၏ တရားတော်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကိုလည်း သတိမူမိကြမည်ဟု မထင်ပေ။

ဆူညံခြင်းများကို ပြုလုပ်နေကြသူများက ပြုလုပ်နေကြသလို ကောင်းမှုကုသိုလ် ပြုနေကြသူများကလည်း အတိုင်းထက်အလွန် ရှိနေကြပေသည်။ ဝါကျွတ်ကာလတွင် မိဘဘိုးဘွား သက်ကြီးရွဟ်အိုများအား လှူဖွယ်ဝတ္တုများနှင့် ပူဇော်ကန်တော့ခြင်း ကျောင်းကန်ဘုရားများသွားကာ သီလဘာဝနာများ ကြိုးစားအား ထုတ်ခြင်းများနှင့်အတူ အယုတ်အလတ် အမြတ်မရွေး ကျေးမွေးနေသည့် စတုဒိတာများကလည်း မြို့လုံးကျွတ် နေရာအနှံ့ပင် ဖြစ်သည်ကိုလည်း မြင်တွေ့ရပေသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာတရား အလေးထားမှုနှင့် သဒ္ဒါတရားထက်သန်မှုများကိုလည်း ကြက်သီးထဖွယ် မြင်တွေ့ခံစားခဲ့ရသည်။ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲတွင် ပူပြင်းလှသာ နေအပူကို အံတုကာ သဒ္ဒါဆွမ်း လောင်းလှူနေကြသည့် ပုံရိပ်များက ဗုဒ္ဓဘာသာဝင်တို့၏ အလှူအတန်း ထက်သန်သော စိတ်ဓာတ်ကို ပြသနေသော သက်သေတစ်ခုပင် ဖြစ်သည်။

သီတင်းကျွတ်လဆန်း (၁၅) ရက်နေ့ လပြည့်နေ့တွင် ဘုရားသုံးဆူမြို့၏ ကျက်သရေဆောင် ဓမ္မဂီရိ တောင်ကုန်းပေါ်ရှိ စေတီတော်တွင် ပဌာန်းတရားတော်များ ပူဇော်ခြင်းနှင့်အတူ ဘုရားဖူးလာကြသည့် ပရိသတ်များကို စတုဒီသာ အကျွေးမွေးများဖြင့် ဧည့်ခံခြင်း ဥပုတ်သီလစောင့်တည်ခြင်းနှင့်အတူ တောင်ဝိုင်းရပ်ကွက်ရှိ တောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင်လည်း ဆီမီး (၁၀၀၀) ပူဇော်လှူဒါန်းခြင်း မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများ စသည့် ပျော်ရွှင်ကြည်နူးဖွယ်ရာများ ကောင်းကျိုးများရှိခဲ့သလို အနိဌာရုံ မြင်ကွင်းများဖြစ်သည့် ယာဉ်များကို စည်းမဲ့ ကမ်းမဲ့ မောင်းနှင်မှုများကြောင့် ယာဉ်တိုက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ယာဉ်တိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများမရှိသော်လည်း ကျိုးပဲ့ဒဏ်ရာရရှိမှု များစွာဖြစ်ပွားခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရပေသည်။

ဘုရားသုံးဆူမြို့၏ ဝါကျွတ်ကာလ ပျော်ရွှင်ကြည်နူးစရာများကို ပီတိဖြစ်စွာ မြင်တွေ့ခဲ့ရသလို စိတ်မချမ်းမြေ့စရာ မြင်ကွင်းများကိုလည်း မြင်တွေ့ခဲ့ရသည်။ အကောင်းနှင့်အဆိုး ဒွန်တွဲလျက်ရှိသည့် လူ့ဘောင်လောကကြီးထဲမှာ ဤကဲ့သို့သော အဖြစ်အပျက် အကောင်းအဆိုးများကို မြင်တွေ့ရသည်မှာလည်း အစဉ်အလာတစ်ခုလို ဖြစ်၍နေပေသည်။ မည်သို့ပင်ဖြစ်စေ သီတင်းကျွတ်ကာလ အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၉) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသော မြို့အုပ်ချုပ်ရေးအဖွဲ့များ နေပူကြဲကြဲထဲတွင် မိမိတို့၏ ကျန်းမာရေးကို ဂရုမစိုက်အားပဲ အများပြည်သူတို့၏ ကျန်းမာရေးကို လိုက်လံစောင့်ရှောက်ပေးခဲ့ကြသော ဘုရားသုံးဆူမြို့ ကြက်ခြေနီအဖွဲ့နှင့် မိမိတို့၏ ကျန်းမာရေးကို ပဓာနမထားပဲ သဒ္ဒါတရားထက်သန်လှ စွာဖြင့် ဆွမ်းကြီးလောင်းလှူပေးနေကြသော မြို့သူမြို့သားအပေါင်းများစွာကိုလည်း လေးစာဂုဏ်ယူမိပါသည်။

နိဂုံးချုပ်ဆိုရပါလျှင် ဘာသာရေးပွဲများကို ပျော်ပွဲ ရွှင်ပဲများအဖြစ် အသိအမှတ်ပြုကာ လွဲမှားစွာ ခံယူနေကြသည့် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆများပင် ဖြစ်ပါသည်။ တိတ်ဆိတ်နေခြင်းကို နှစ်သက်တော်မူသော ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုတော်မူသော ဗုဒ္ဓဘုရားရှင်သည် သတ္တဝါဝေနေယျတို့အား အသိတရား အကျွတ်တရားများ ရရှိစေရန်အတွက် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ပျော်ပွဲ ရွှင်ပွဲများ ဆူညံစွာ ကျင်းပခြင်း၊ ယမ်းပုံး ဗျောက်အိုးများ ပစ်ဖောက်နေခြင်းများသည် အဘိဓမ္မာအခါတော်နေ့နှင့် ဆန့်ကျင်နေခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ “သီတင်းကျွတ်ကာလနှင့် လွဲမှားသောအယူအဆ” များသာဖြစ်ကြောင်း ဤဆောင်းပါးဖြင့် အသိပေး နှိုးဆော်လိုက်ရပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts