“နေက ခုတလော တော်တော့်ကို ပူလာတယ်။ အပြင်မထွက်ဖို့ သတိပေးသံတွေတော့ ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို ကိုယ်လုပ်မှ ကိုယ်စားရတဲ့ အခြေခံလူတန်းစာတွေအတွက်ကတော့ နေပူပူ မိုးရွာရွာ သွားလာရတာပဲ။ မဟုတ်ရင် မလွယ်ဘူးလေ”
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ် မောင်းနှင်နေသည့် အသက် ၄၀ နှစ်အရွယ် ဦးလှမောင် (အမည်လွှဲ) က ပြောသည်။
မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အောက်တိုဘာလအတွင်း၌ နေ့အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ သိသိသာသာ မြင့်တက်လာသည်။
မွန်းတည့်ချိန်တွင် ကတ္တရာလမ်းပေါ်မှ အပူငွေ့များ လှိုက်တက်လာပြီး လမ်းမများပေါ်၌ လူသွားလူလာလည်း ယခင်ကထက် နည်းပါးလာသည်။ သို့သော် ဆိုက်ကားဆရာများ၊ သုံးဘီးမောင်းသူများ၊ ကုန်ထမ်းသမားများ၊ ပန်းရံသမားများနှင့် လမ်းဘေးဈေးသည်များအတွက် အပူရှောင်ပြီး အနားယူရန် မလွယ်ကူပေ။ အလုပ်မလုပ်လျှင် နေ့စဉ်စားဝတ်နေရေးအတွက် ဝင်ငွေမရနိုင်သည့်အတွက် ပူပြင်းသည့် နေရောင်အောက်တွင် ဆက်လက်လုပ်ကိုင်နေကြရသည်။

“ပန်းရံသမားတွေဆိုလေ နေပူပူထဲမှာ လုပ်နေရပေမယ့် လုံးဝ မနားရဲကြဘူး။ နားပြီးရင် အိမ်အတွက် ခက်ခဲမှာလည်း ကြောက်တယ်။ အလုပ်ရှင်တွေ ပြန်မခေါ်မှာလည်း စိုးရိမ်နေကြတယ်”ဟု လူငယ်ပန်းရံသမားနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ကပင် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေသည့် ပန်းရံလုပ်သားတစ်ဦး နေပူထဲတွင် မေ့လဲ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း အပူလျှပ် (Heatstroke) မှုကြောင့် နေ့စားလုပ်သားများအပါအဝင် သေဆုံးသူ ၈ ဦးထက်မနည်း ရှိလာပြီး အပူလျှပ်မှုကြောင့် ဆေးကုသမှုခံရသူလည်း အများအပြားရှိသည်ဟု ဒေသခံနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတို့က ပြောသည်။
အပူဒဏ်ကို ရှောင်ရှားရန် အကြံပြုချက်များ ရှိနေသော်လည်း နေ့စားလုပ်သားများအတွက် အလုပ်ရပ်နားခြင်းသည် ဝင်ငွေဆုံးရှုံးခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ထို့ကြောင့် ၎င်းတို့သည် ရေသောက်ခြင်း၊ ဦးထုပ်ဆောင်းခြင်းနှင့် အခြားတတ်နိုင်သည့် နည်းလမ်းများဖြင့် အပူဒဏ်ကို အံတုကာ အလုပ်ဆက်လုပ်နေကြရသည်။
“အပြင်မှာရှိနေရင် ရေများများသောက်ပေးတာတို့၊ အင်္ကျီလက်ရှည်ဝတ်တာတို့၊ ဦးထုပ်ဆောင်းတာတို့ အဲလိုပဲ အံတုနေရတာပေါ့လေ” ဟု ရေးမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် လမ်းဘေးဈေးသည်တစ်ဦးက ပြောသည်။
ကျန်းမာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း နေပူထဲ အလုပ်လုပ်ခြင်း မပြုကြရန်နှင့် အပူလျှပ်သည့် လက္ခဏာများ ကြုံတွေ့ရပါက သတိပြုကြရန် အသိပေး နှိုးဆော်ထားသော်လည်း နေ့စဉ်ဝင်ငွေအပေါ်မှီခိုနေရသည့် အလုပ်သမားများအတွက် အဆိုပါ အကြံပြုချက်များကို လိုက်နာနိုင်ရန် အခက်အခဲများ ရှိနေသည်။
ထို့အပြင် နေ့လယ်ခင်း နေပူပြင်းချိန်တွင် လမ်းပေါ်၌ လူသွားလူလာ နည်းပါးလာခြင်းကြောင့် သုံးဘီးမောင်းသူများနှင့် လမ်းဘေးစျေးသည်များ၏ နေ့စဉ်ဝင်ငွေမှာလည်း ယခင်ထက် ထက်ဝက်နီးပါး လျော့ကျသွားကြောင်း ၎င်းတို့က ပြောသည်။
“သွားလာတဲ့သူတွေ နည်းသွားတော့ ခေါက်ကြေးရတာ နည်းသွားတာတော့ ရှိတယ်။ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် စားဖို့ရရင် အဆင်ပြေတယ်လေနော်” ဟု မော်လမြိုင်မြို့က သုံးဘီးမောင်းသူတစ်ဦးက ဆိုသည်။
ညနေဆည်းဆာ နီးကပ်လာသည့်တိုင် အပူငွေ့များ မလျော့သေးသည့် လမ်းမများပေါ်တွင် ဦးလှမောင်ကဲ့သို့သော နေ့စားလုပ်သားများသည် နောက်တနေ့အတွက် စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန် ဆက်လက်ရုန်းကန်နေကြရသည်။ အပူဒဏ်ကြောင့် အသက်အန္တရာယ် ကြုံတွေ့နိုင်သည်ကို သိရှိနေသော်လည်း ဝင်ငွေမရှိလျှင် မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်းရန် ခက်ခဲသည့်အတွက် နေပူကျဲကျဲအောက်သို့ နေ့စဉ် ထွက်ခွာနေကြရဆဲ ဖြစ်သည်။




