မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးကာ၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအတွင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ အသက် ၄၃ နှစ်အရွယ် ဦးမင်းဇော်၊ ဒေါ်စန္ဒာနှင့် အသက် ၂၁ နှစ်အရွယ် မောင်ဇွဲဇင်ဖြိုးတို့ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ဦးချစ်သဲအောင်ဆိုသူလည်း ညာဘက်ခြေထောက် ဖြတ်တောက်ရသည်အထိ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်၊ အလူးရွာကြီး၏ အထက်ရွာလေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးကာ၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁၃ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
၎င်းပြင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာနေရာနှင့် အနီးဝန်းကျင်ဒေသများကိုလည်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“လက်နက်ကြီးနဲ့ ပစ်နေတာက နေ့တိုင်းလိုလိုပါပဲ ရွာတွေဘက်ကို ပတ်ပြီး ပစ်နေတယ်။ လေကြောင်း တိုက်ခိုက်မှုတွေလည်း အခုတလောက် ဆက်တိုက်လုပ်လာတယ်။ လူထိခိုက်သေဆုံးတာတွေလည်း ရှိသလို၊ အိမ်တွေဆိုရင်လည်း ပျက်စီးကုန်တယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉၊ ၁၂ နှင့် ၁၅ ရက်နေ့တို့တွင်လည်း အရပ်သားပြည်သူများ နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များအတွင်း လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အိမ်၊ ဆိုင်ကယ်၊ မော်တော်ယာဉ် အစရှိသည့် အရပ်သားပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည်။
စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံပြည်သူ ထောင်နှင့်ချီတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တပ်၏ လုပ်ရပ်များသည် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်ဟု KNU က ထုတ်ပြန်ထားသည်။




