Homeမေးမြန်းချက်"ပြည်သူ့ဝန်ဆောင်မှုရရှိအောင် လုပ်ဆောင်ပေးနေတယ်။ လူသားချင်းစာနာဌာနရဲ့ အချက်အလက်တွေကိုလည်း ပံ့ပိုးပေးလို့ရတဲ့အနေအထားမှာ ကိုယ်တိုင်ကိုယ်ကျ စားနပ်ရိက္ခာပို့ဆောင်ဖို့ အပြန်အလှန်ကူညီမှုတွေ ရောက်ရှိအောင်ကို လုပ်ဆောင်တယ်။" မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC)...

"ပြည်သူ့ဝန်ဆောင်မှုရရှိအောင် လုပ်ဆောင်ပေးနေတယ်။ လူသားချင်းစာနာဌာနရဲ့ အချက်အလက်တွေကိုလည်း ပံ့ပိုးပေးလို့ရတဲ့အနေအထားမှာ ကိုယ်တိုင်ကိုယ်ကျ စားနပ်ရိက္ခာပို့ဆောင်ဖို့ အပြန်အလှန်ကူညီမှုတွေ ရောက်ရှိအောင်ကို လုပ်ဆောင်တယ်။" မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင် မိသုတဂျော်

-

မွန်ဒေသတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မထိခိုက်စေရေး၊ ဟန်ချက်ညီညီ ဆက်လက်လည်ပတ်နိုင်ရန် မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့မှ ဦးစားပေး လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရေး၊ အသိပညာပေးခြင်း၊ အရေးပေါ်တိမ်းရှောင်ရလျှင် စားနပ်ရိက္ခာနှင့် အမိုးအကာရရှိရေးအတွက် ဘဏ္ဍာရေးထောက်ပံ့မှုနှင့် ကူညီရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို သီးခြားတာဝန်ယူ ဆောင်ရွက်နိုင်ရေးတို့ကို အချိန်မီဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်အတွက် မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) မှ ကောင်စီဝင် မိသုတဂျော်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ MSRF နဲ့ MSFC တို့ ဒီရက်ပိုင်းမှာ တွေ့ဆုံကြတာမျိုးရှိတယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် ဘယ်လိုအကြောင်းအရာတွေ တွေ့ဆုံဆွေးနွေးဖြစ်လဲဆိုတာလည်း ကနဦး ပြောပြပေးပါဦး။

ဖြေ။ ။ တပ်တွေလည်း ပြန့်ကျဲနေတာတွေရှိတယ်ဆိုတော့၊ အချို့အလုပ်တွေကလည်း ရှေ့တန်းစစ်မျက်နှာပြင်မှာလည်း ရွာတွေရှိတယ်။ စစ်ဖြစ်နေကြတာလည်း ရွာအနားမှာရှိတဲ့အတွက်ကြောင့်မို့ လူထုနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကလည်း လိုအပ်လာတယ်။ ကောင်စီအနေနဲ့ကကျ တပ်ကပဲ သူ့အလုပ်သူလုပ်လို့ရအောင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့၊ အခြားအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတို့၊ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းတို့၊ ကယ်ဆယ်ရေးပိုင်း အဲ့ဒါတွေကို လုပ်နိုင်ဖို့အတွက် သူတို့နဲ့ အချိတ်အဆက် ပိုကောင်းအောင် များစွာဆွေးနွေးဖြစ်တယ်။ တပ်မှာလည်း တပ်ကျင့်ဝတ်တို့ အပြန်အလှန်ဆွေးနွေးပြီး၊ အရည်အချင်းရှိသော၊ ကျင့်ဝတ်နဲ့ညီသော၊ ကောင်းမွန်သောတပ်ဖြစ်ဖို့ လူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ကိုလည်း တောင်းဆိုတာတွေ၊ သတိပေးတာတွေရှိကြတယ်။

မေး။ ။ စစ်ရေးပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုအစီအစဉ်နဲ့ အကောင်အထည်ဖော်နေလဲ။

ဖြေ။ ။ ရွာသားတွေရဲ့ ကျန်းမာရေးအပိုင်း၊ အသယ်အပို့ကယ်ဆယ်တဲ့အပိုင်းပေါ့နော်။ စစ်အချင်းချင်းဆိုပေမဲ့ သူတို့စစ်ကိုချည်းပဲကြည့်ရင် ရွာသားတွေထိခိုက်မယ်ပေါ့။ ပစ်ထုတ်လာတဲ့ လေယာဉ်၊ ဗုံးကြဲတာတွေဆို ရွာတွေမှာ ပိုပြီးထိခိုက်စေတယ်။ တပ်ကလည်း သူတို့ပြည်သူ့ရဲ့အလုပ်ကို ဝိုင်းဝန်းကူညီလုပ်နေရတာရှိတယ်။ အမှန်မှာဆို ကောင်စီဌာနတွေရဲ့အလုပ်ပေါ့၊ သူတို့လည်း များစွာငြီးတွားကြတယ်။ စစ်ကြောင်းချီလာတဲ့အချိန်မှာ ကျေးရွာတွေ အကုန်ပြေးရတာတွေရှိတယ်။ အဲ့ဒါကို သူတို့တောင်းဆိုလာရင် ကောင်စီရဲ့ဆိုင်ရာဆိုင်ရာဌာနတွေ (လူသားချင်းစာနာ၊ အမျိုးသမီးဌာန၊ Early Warning၊ Early Response ပေါ့)၊ လေယာဉ်ဗုံးကြဲရင် ဘယ်အပလီကေးရှင်းပေါ်မှာ လေယာဉ်သံလာရင် ဘာတွေဖြစ်တတ်သလဲဆိုတဲ့ ပညာပေးမှုအပိုင်းကိုပေါ့နော်။ စစ်ကြောင်းချီလာရင် ဘယ်လိုရှောင်ရှားရမလဲ၊ စားနပ်ရိက္ခာရရှိဖို့၊ အမိုးအကာရရှိဖို့ကို ကောင်စီက ဘတ်ဂျက်ရှိရင်ပေးဖို့တွေ၊ ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်နိုင်ဖို့တွေပေါ့နော်။

မေး။ ။ ဒီကာလဆိုရင် ပြည်သူတွေက ဘယ်လိုဝန်ဆောင်မှုကို အဓိကလိုအပ်ကြလဲ။

ဖြေ။ ။ Early Warning, Early Response ပေါ့နော်။ လေယာဉ်စိုးရိမ်မှုက ကျေးလက်တောရွာလူထုတွေဆီမှာ ပိုဖြစ်စေတယ်။ ထိုင်းကုန်အဖမ်းအဆီး အရမ်းကြပ်တဲ့အချိန်မှာ လူထုရဲ့စားနပ်ရိက္ခာကိုလည်း ထိခိုက်စေတယ်။ အဲ့အပိုင်းကိုလည်း လူထုက ပိုပြီးတောင်းဆိုကြတာ။ အခုဆိုရင် မွန်ပြည်နယ်မြောက်ပိုင်းမှာဆိုရင် စစ်ကြောင်းအလုံးအရင်းထိုးလို့ ရွာသားသောင်းနဲ့ချီ ကမန်းကတန်းပြေးရရင် စားနပ်ရိက္ခာလိုအပ်မှုတွေရှိခဲ့တယ်။ စစ်ဘေးအပြင် သဘာဝဘေးပါထိခဲ့တဲ့ ထားဝယ်ဘက်ပိုင်းမှာဆိုရင် အိမ်ရော အဝတ်အထည်ရော လိုအပ်တာရှိတယ်။ မွန်ပြည်နယ်တောင်ပိုင်းမှာကျတော့ လေယာဉ်၊ ဒရုန်းကြောင့် အမျိုးသမီးတွေ မအိပ်ရဲတဲ့ရောဂါတွေဖြစ်လာတော့ ကျန်းမာရေးအပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ လိုအပ်တာပေါ့နော်။

မေး။ ။ ကောင်စီအနေနဲ့ ဘယ်ဒေသဘက်မှာ ပြည်သူ့ဝန်ဆောင်မှုတွေ လုပ်ဆောင်နေပြီလဲ။

ဖြေ။ ။ ကောင်စီအနေနဲ့က မွန်ပြည်နယ်ဆယ်မြို့နယ်မှာ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားတဲ့နေရာ၊ ဆက်စပ်ရာနယ်မြေတွေမှာလည်း မြို့နယ်တိုင်းလိုလို ဆောင်ရွက်နိုင်ဖို့ ချိတ်ဆက်နေတာရှိတယ်။ ကောင်စီမရောက်နိုင်တဲ့ ဒေသတွေမှာလည်း တော်လှန်ရေးလုပ်နေတဲ့သူတွေသော်လည်းကောင်း၊ လူသားချင်းစာနာ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးမှလည်း ပြည်သူ့ဝန်ဆောင်မှုရရှိအောင် လုပ်ဆောင်ပေးနေတယ်။ လူသားချင်းစာနာဌာနရဲ့ အချက်အလက်တွေကိုလည်း ပံ့ပိုးပေးလို့ရတဲ့အနေအထားမှာ ကိုယ်တိုင်ကိုယ်ကျ အချို့ခက်ခဲတဲ့နေရာမှာဆိုလည်း စားနပ်ရိက္ခာပို့ဆောင်ဖို့ အပြန်အလှန်ကူညီမှုတွေ ရောက်ရှိအောင်ကို လုပ်ဆောင်တယ်။ တစ်ခါတစ်လေလည်း MSRF ကို အကူအညီတောင်းတာ စားနပ်ရိက္ခာပို့ပေးဖို့ပေါ့နော်။

မေး။ ။ အဓိက MSFC ဘက်ကနေ အုပ်ချုပ်လှုပ်ရှားရာနယ်မြေ တစ်ဝိုက်မှာ စစ်ဘေးရှောင်မဟုတ်ဘဲနဲ့ ဒေသခံတွေကိုရော ဘယ်လိုကူညီပေးနေတာမျိုးရှိလဲ။

ဖြေ။ ။ အုပ်ချုပ်ရာနယ်မြေထက် စစ်ဘေးရှောင်နေရာဆိုရင် ၁၀ မြို့နယ်စလုံးက ဘယ်နေရာဘယ်စခန်းဆိုတဲ့ အတည်တကျမဟုတ်ဘူးပေါ့နော်။ လေယာဉ်ဗုံးကြဲတဲ့အခါဆို မြို့မှာရော ကျေးလက်တောရွာမှာပါ ပျံ့နှံ့ပြီးရှောင်ရတာရှိတယ်။ ငွေသားထောက်ပံ့မှုတွေကိုလည်း လုပ်ဆောင်လာရတယ်။ ဘာကြောင့်လဲဆိုတော့ စခန်းအနေနဲ့ စီမံကွပ်ကဲဖို့လုပ်လို့မရဘူး၊ လုံခြုံရေးကြောင့်ပေါ့နော်။

မေး။ ။ ပြည်သူတွေကြုံနေရတဲ့ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးလိုအချက်တွေကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေပါလဲ။

ဖြေ။ ။ လူသားချင်းစာနာလုပ်ငန်းဆိုပေမဲ့လည်း စကစဘက်က သိရှိလို့ရှိရင် သူတို့ဖြိုခွင်းတာတို့၊ လုပ်ခွင့်မပေးတာတို့ပေါ့။ လူသားချင်းစာနာတယ်လို့ သဘောမထားဘဲနဲ့ အကြမ်းဖက်လို့သတ်မှတ်ပြီးမှ ဖမ်းဆီးတာတွေ ရှိခဲ့ကြတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းလုပ်တာတောင် သူတို့ရန်ကနေ ရှောင်ရတဲ့အနေအထားရှိတယ်။ နောက်တစ်ခုက ထိုင်းပစ္စည်းဖမ်းတာ၊ စစ်ဆေးတာတွေ တိုးချဲ့ပြီးလုပ်လာတဲ့အခါဆိုရင် အခက်အခဲ ပိုဖြစ်လာစေတယ်။

မေး။ ။ စစ်ရေးနဲ့အတူတစ်ချိန်တည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ ဘယ်လို စီမံထားတာမျိုးရှိလဲ။

ဖြေ။ ။ တစ်ခုက အရမ်းခက်ခဲတဲ့နေရာမှာ “သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်” တပ်ရေးဆိုင်ရာက တပ်စည်းကမ်းနဲ့အညီ လုပ်ဆောင်ဖို့ပေါ့နော်။ အရမ်းကြီးလည်း လုံခြုံရေးလိုအပ်လာတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်၊ လူထုပိတ်မိနေတဲ့အချိန်ဆို ထမင်းငတ်ပြတ်နေတဲ့အချိန်တွေ ရှိတယ်ပေါ့နော်။ တော်လှန်ရေးဘက်ကို စစ်တိုက်တာချည်းပဲ မဟုတ်ဘဲနဲ့ အကူအညီတောင်းပြီးတော့ စားနပ်ရိက္ခာ၊ ပြည်သူ့လုံခြုံရေး၊ ဝန်ဆောင်မှုဘက်ကိုလည်း လိုအပ်ချက်ဝိုင်းကူဖြည့်ပေးဖို့ လိုအပ်လာရင် တောင်းဆိုလာရင် ကူညီပေးနိုင်ဖို့၊ လူထုရဲ့လိုအပ်မှုကိုဖြည့်ဆည်းဖို့၊ အခက်အခဲကြုံနေရတဲ့အချိန်မှာ လူထုကို ထိခိုက်မှုအနည်းဆုံး၊ ဆုံးရှုံးမှုမရှိရလေအောင် လုပ်ဆောင်ဖို့ အဲ့ဒါတွေကို အပြန်အလှန်ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts