မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ-ဘားအံကားလမ်းတွင် တက္ကသိုလ်ကျောင်းသူ ၃ ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုတွင် ကျူးလွန်သူကို သထုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ကျူးလွန်သူ သထုံမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညနရုံး ဝန်ထမ်း နေလင်းစိုးကို သထုံမြို့နယ် တရားရုံးမှ အောက်တိုဘာ ၁၉ ရက်နေ့က ထောင်ဒဏ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယာဉ်ကို မဆင်မခြင်မောင်းနှင်ပြီး တက္ကသိုလ်ကျောင်းသူ ၃ ဦးအထိ သေဆုံးခဲ့ရသည့် ယာဉ်တိုက်မှုတွင် ကျူးလွန်သူကို ထောင်ဒဏ် ၅ နှစ်သာ ချမှတ်သည့်အပေါ် သထုံဒေသခံပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကလည်း ကျူးလွန်သူ ကညနရုံး ဝန်ထမ်း နေလင်းစိုး၏ မိသားစုက သေဆုံးသွားခဲ့သည့် တက္ကသိုလ်ကျောင်းသူ ၃ ဦးကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် အမှုအား ကြေအေးပေးရန် ကမ်းလှမ်းခဲ့သေးကြောင်း၊ ကမ်းလှမ်းချက်ကို ကျောင်းသူ မိသားစုဝင်များက လက်မခံဘဲ တရားရင်ဆိုင်ခဲ့သည်ဟု မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က သထုံ – ဘားအံကားလမ်းတွတွင် တက္ကသိုလ်ကျောင်းသူ သုံးဦး စီးနင်းလာသော ဆိုင်ကယ်ကို အရက်သေစာ သောက်စားထားသည့် သထုံမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညနရုံး ဝန်ထမ်း နေလင်းစိုး မောင်းနှင်းလာသည့် ကားက အရှိန်ဖြင့် ဝင်တိုက်ခဲ့သည်။
ယာဉ်တိုက်မှုကြောင့် နည်းပညာတက္ကသိုလ်(မော်လမြိုင်) Civil ပထမနှစ်ကျောင်းသူ၊ မော်လမြိုင်တက္ကသိုလ်က Bio Chemistry ပထမနှစ်ကျောင်းသူနှင့် Chemistry ဒုတိယနှစ်ကျောင်းသူတို့ သုံးဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။




