မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ကော်မရှင်၏ လေယာဉ်ကင်းထောက်ပျံသန်းမှု အကြိမ်ရေတိုးလာနေသည်ဟု ဒေသခံများက IMNA သို့ ပြောသည်။
ရေးချောင်းဖျားဒေသတစ်ဝိုက် ကင်းထောက်လေယာဉ်များ နေ့စဉ် ပျံသန်းနေပြီး တစ်ရက်ပျံသန်းမှု အကြိမ်ရေ ၆ ကြိမ်အထိ ရှိလာသည်ဟုလည်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
“လေယာဉ်က နေ့တိုင်းပဲ။ ရေးမြောက်ပိုင်း၊ တောင်ပိုင်းဘက်ကနေ ပတ်လာတယ်။ ခလောက်ခနီရွာအထိကို ကင်းထောက်တယ်။ အခုက တစ်နေ့ကို ၅ ကြိမ်၊ ၆ ကြိမ်လောက်ကို ပတ်တာ။ အဲဒီလေ ယာဉ်တွေက အထူးသဖြင့် ညသန်းခေါင်းယံချိန်မှာတော့ လာတာများတယ်။ ဥတုအခြေအနေမကောင်းရင်နိမ့်နိမ့်လေးပဲ၊ ပတ်ပျံနေတာ။ ” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

ကင်းထောက်ပျံသန်းရာမှ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်နေသည့် အခြေအနေကြောင့် ရေးချောင်းဖျားဒေသရှိ ကျေးရွာ ၅ ရွာအထက်မှ ဒေသခံပြည်သူတို့ ညဘက်တွင် ဘေးလွတ်ရာနေရာတွင် ရှောင်အိပ်နေကြရသည်ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့၊ ညသန်းခေါင်းယံအချိန်က တော်လှန်ရေးတပ်ဖွဲ့များ ရှိသည်ဟု ယူဆသည့် နယ်ပြားကျေးရွာအနီးကိုလည်း စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သေးသည်။
ရေးချောင်းဖျား ဒေသခံ၏ ပြောပြချက်အရ မြေပြင်စစ်ကြောင်းများအနေဖြင့်လည်း ကျေးရွာများဘက်ကို ပြောက်ကျားပုံစံဖြင့် မကြာခဏ ဝင်ရောက်လေ့ရှိသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
“ရေးချောင်းဖျားက ကျုံလောင်းနဲ့ ဂနီရွာဘက်မှာလည်း စစ်ကြောင်းတွေက မကြာခဏ ဝင်လာလိုက်၊ ထွက်သွားလိုက်ပုံစံမျိုး လုပ်နေတယ်။ စစ်ကြောင်းထိုးတဲ့ပုံစံလည်း မဟုတ်ဘူး။ ရှောင်တခင်ဝင်လာတဲ့ သဘောပဲ” ဟု အထက်ပါ ရဲဘော်က ပြောသည်။
စစ်ကော်မရှင်က မေလမှစတင်ပြီး ယခုချိန်အထိ ရေးချောင်းဖျားဒေသရှိ ကင်မွန်း၊ ချောင်းနှစ်ခွ၊ နယ်ပြား စသည့် ကျေးရွာအနီးကို ပေါင် ၅၀၀ ဗုံးသီးဖြင့် အကြိမ်ရေများစွာ ကြဲချတိုက်ခိုက်ခဲ့ရာ လူထိခိုက် သေဆုံးမှု၊ နေအိမ်ပျက်စီးဆုံးမှုများ ရှိခဲ့သည်။
ထိုအခြေအနေကြောင့် ဒေသခံအများစုက ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ရန် ယုံကြည်စိတ်ချမှု မရှိတော့ဘဲ ဘေးလွတ်ရာကျေးရွာနှင့် တောတောင်၊ ဥယျာဉ်ခြံများတွင်သာနေထိုင်စားသောက်နေရကြောင်း သိရသည်။
Myanmar Peace Monitor ၏ ကိန်းဂဏန်းအရ ပြီးခဲသည့် ၂၀၂၅ ခုနှစ်သည်နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၀၇၆ ခုဖြင့် အမြင့်ဆုံးသမိုင်းဝင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ တိုက်ခိုက်မှုဖြစ်စဉ် ၅၀၈ ခု ရှိခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတစ်ဝန်းကျယ်ပြန့်လာသော တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များကို မြေပြင်စစ်ဆင်ရေးများဖြင့် မထိန်းချုပ်နိင်တော့သည့်အခါ လေကြောင်း အသာစီးရယူရေးနှင့် ခြိမ်းခြောက်ရေး မဟာဗျူဟာသို့ အသွင်းကူးပြောင်း လုပ်ဆောင်လာနေကြောင်း MPM၏ အောက်တိုဘာလ အစီရင်ခံစာတွင် ထောက်ပြထားသည်။




