အာဏာသိမ်း စစ်အစိုးရက ထိုင်းရောက် မြန်မာအလုပ်သမားများ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေလက်မှတ် (CI) ထုတ်ပေးရေးလုပ်ငန်းများကို ထိုင်းနိုင်ငံအတွင်းရှိ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဋ္ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့ကစပြီး စတင်လုပ်ဆောင်ခဲ့သည်။
CI ထုတ်ပေးရေးလုပ်ငန်းများတွင် အနှောင့်ယှက်များရှိနေသည့်အတွက် ယနေ့အထိ လာရောက်လုပ်ကိုင်သူ တစ်သောင်းခွဲခန့်သာ ရှိနေ အာဏာသိမ်း စစ်အစိုးရ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
ထိုင်းတွင် CI စာအုပ် လုပ်ကိုင်ရန် အလုပ်သမား ၇ သိန်းခွဲခန့်ရှိသော်လည်း CI စာအုပ်လုပ်ရန် ဘတ်ငွေ သောင်းနှင့်ချီ အကုန်အကျခံနေရသလို စစ်အစိုးရဘက်က တင်းကြပ်လာသည့် စည်းမျဉ်းအသစ်များကြောင့် CI မလုပ်တော့ရန် အလုပ်သမားများ ရွေးချယ်လာကြသည်။
တဘက်မှာလည်း CI စာအုပ် မလုပ်ကြသည့်အတွက် ထိုင်းအစိုးရဘက်က ဖမ်းဆီးအရေးယူမှုများ လုပ်ကိုင်လာနိုင်သည်ဆိုပြီး စစ်အုပ်စုဘက်က ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိနေသည်။
CI စာအုပ်၏ အားသာချက်၊ အားနည်းချက်များနှင့် မဖြစ်မနေ CI လုပ်ကိုင်ရန် လို၊ မလိုသည့်အခြေအနေနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်ချီ နေထိုင်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများအတွက် ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ အလုပ်သမားတွေ ဘာကြောင့် CI လုပ်တာ နည်းသွားရတာလဲ။
ဖြေ ။ ။ ဒီ CI ဆိုတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်က လိုအပ်သလားလို့ မေးရင်တော့ အရင့်အရင်တုန်းက ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သားတွေဟာ အဲဒီ အထောက်အထားတွေ မရှိဘဲနဲ့ ကျွန်တော်တို့ ထိုင်းအစိုးရကနေ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်လက်မှတ်နဲ့ နေထိုင်ခွင့် ဒီ ဗီဇာ၊ ပြီးရင် ဆေးကုသခွင့် အဲဒါကို ကျွန်တော်တို့ ဒီ ပန်းကတ်လို့ခေါ်တဲ့ ပန်းရောင်ကတ် တစ်ပြားထဲမှာပဲ ထုတ်ပေးပြီးမှ ဟို တစ်နှစ်ကို တစ်ကြိမ် extension တိုးပြီးမှ နေထိုင်သွားတဲ့အခါမှာလည်း ကုန်ကျစရိတ်တွေက တအား သက်သာခဲ့တယ်။အဲတော့ လက်ရှိ အခြေအနေမှာကတော့ အရင်အရင် နှစ်တွေမှာ CI စခန်းတွေဖွင့်ပြီး လုပ်ခဲ့တုန်းက လုပ်သားတွေက လုပ်နေကြပြီးမှ အခုအချိန်မှာ မလုပ်ချင်တော့တဲ့ အကြောင်းအရင်းက ရှေ့ပိုင်းမှာ ကျွန်တော် ပြောခဲ့တဲ့ သူတို့ရဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတာတွေ၊ ကုန်ကျစရိတ်တွေ အလွန့်အလွန် ကြီးမြင့်တဲ့ ကိစ္စရယ်၊ နောက်ပြီး အစိုးရ ကောက်ခံတဲ့ ငွေကြေးတွေကလည်း သူတို့အနေနဲ့ ဟိုစိတ်ထဲမှာ စေတနာ အပြည့်အဝနဲ့ ပေးချင်လိုတဲ့ စိတ်ဓာတ်မရှိတာတွေကြောင့် အဲဒါတွေ အားလုံး ပေါင်းစပ်သွားတဲ့အခါမှာ အခုက CI လုပ်တဲ့ စခန်းတွေမှာ လူက မရှိသလောက် နည်းသွားတယ်လိကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ အဲတော့ CI ဆိုတာ မပါဘဲနဲ့ နေခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ သမိုင်းကြောင်းတွေလည်း ရှိခဲ့တဲ့အတွက်ကြောင့် ဒါကြောင့် တချို့ လုပ်သားတွေက ဒီလောက်ကြီး ဝန်ထုတ်ဝန်ပိုး ဖြစ်နေတဲ့ ကုန်ကျမှုတွေ များနေတဲ့အချိန်မှာ အဲဒီ ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့ နေလိုပါတယ်ဆိုတဲ့ လုပ်သားတွေရဲ့ ထုတ်ဖော်မှုတွေလည်း ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
မေး ။ ။ CI ဟာ မရှိမဖြစ်လိုသလား။
ဖြေ ။ ။ ဒီမှာကတော့ ကျွန်တော်တို့ လုပ်သားတွေက ဟို သူ့အသုတ်နဲ့ သူ့အသုတ်နဲ့ သူ သူက လုပ်သားတွေက မှတ်ပုံတင်ပြီး လုပ်ထားပေးတာဆိုတော့ ဟို ကျွန်တော်တို့ ဒီ နိုင်ငံကူးလက်မှတ်လို့ခေါ်တဲ့ Passport တွေ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ MOU လုပ်သားတွေ ရှိတယ်။ အဲ့လို ပုဂ္ဂိုလ်တွေကတော့ သူတို့က ဟို အဲ့ CI ဘက်ကို သူက သွားရတော့မှာ မဟုတ်တော့ဘူးပေါ့။ သို့သော် ထိုင်းနိုင်ငံကနေ ဒီ ကျွန်တော်တို့ ခွင့်ပြုမိန့်တွေ ပေးပြီးမှ တစ်နှစ်ပြီးတစ်နှစ် လုပ်ပေးခဲ့တဲ့ ဒီ လုပ်သားတွေကိုတော့ သူတို့က မြန်မာနဲ့ မြန်မာ အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်း အလုပ်သမားဝန်ကြီးဌာနတို့က ညှိနှိုင်းပြီးမှ အဲ့ စာအုပ်ကလေးတွေ ထုတ်ပေးဖို့ဆိုပြီး သဘောတူပြီးမှ စခန်းတွေလည်း အခု လာဖွင့်တာ ဖြစ်ပါတယ်။ အဲ့တော့ အဓိက အတိုချုပ်ပြီး ပြောချင်တာကတော့ ဒါက လိုအပ်သလားဆိုရင် အဲ့ဒါ မသုံးဘဲနဲ့လည်း နေလို့ရတယ်ဆိုတာကိုပဲ ကျွန်တော့်အနေနဲ့တော့ ထောက်ပြချင်ပါတယ်။
မေး ။ ။ CI ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြောပြပေးပါဦး။
ဖြေ ။ ။ အစောပိုင်း ကာလ၊ အစောပိုင်းဆိုတာ ဟို ကျွန်တော်တို့ စတင်ပြီး CI ဆိုတာကို ထုတ်ပေးတဲ့ ကာလကတည်းက အလုပ်သမားတွေလည်း ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အားသာချက်ကလေးကတော့ ဟို ကျွန်တော်တို့ ပန်းရောင်ကတ်ဆိုရင်တော့ တစ်နယ်နဲ့တစ်နယ် ကျော်ပြီးသွားဖို့အတွက် အခက်အခဲရှိတယ်၊ အစိုးရဆီကနေ ခွင့်ပြုချက်တွေ တောင်းရတယ်။ အဲ ဒီ CI လေးကိုတော့ သူက ဒီ သာမန်နိုင်ငံကူးလက်မှတ်နဲ့ တန်းတူ အခွင့်အရေး ပေးထားတဲ့အတွက်ကြောင့် လေယာဉ်လက်မှတ်တွေ ဝယ်ပြီး မိဘတွေရှိတဲ့ ဒေသကို ချက်ချင်း အရေးပေါ်သွားရတာတို့၊ ဟို ခရီးသွားတဲ့အခါမှာ လွယ်လင့်တကူ ဖြစ်တာတို့ အဲဒါလေးကတော့ အားသာချက်ပေါ့ဗျာ။ ဒါပေမဲ့ လတ်တလောမှာတော့ လုပ်သားတွေက သူတို့မှာ ဝန်ထုပ်ဝန်ပိုးတွေ တအား ကြီးမြင့်နေတဲ့အတွက်ကြောင့် ဟို အစိုးရဆီက အရေးပေါ် လိုအပ်မှ ခွင့်ပြုမိန့် ထောက်ခံစာတောင်းပြီးမှပဲ ခရီးထွက်တော့မယ်၊ လောလောဆယ်တော့ ဒီ အခြေအနေမှာ ဒါလေးနဲ့ပဲ နေတော့မယ်ဆိုတဲ့ အနေအထားမျိုး ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
မေး ။ ။ စစ်အစိုးရအဖွဲ့က ဘာကြောင့် CI လုပ်ဖို့ အတင်းတိုက်တွန်းနေတာလို့ မြင်ပါသလဲ။
ဖြေ ။ ။ အဲ ဒါကိုတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူတို့မှာ ဟို နိုင်ငံခြားဝင်ငွေတွေ အရမ်းလိုအပ်နေတဲ့အခါမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သားတွေဆီကနေပြီးမှ ဟို တစ်နှစ် တစ်နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ဟို ၅ သန်းလောက်တောင် သူတို့က ရထားတယ်လို့ သူတို့က ပြောထားတာဆိုတော့ ဒီနှစ်မှာလည်း အဲ့သလောက်တော့ ရဖို့ လိုအပ်တဲ့ အနေအထာ အနေအထားကြောင့်သူတို့က ဒါကို မဖြစ်မနေ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ အဲတော့ သူတို့ လိုချင်တိုင်းကို ဒီက အလုပ်သမားတွေ ပေးဖို့ဆိုတာလည်း အလုပ်သမားတွေကို ဟို မိဘသဖွယ် စောင့်ရှောက်နိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ ဒါ ဘယ်ပြည်သူ ပြည်သားမဆို ကိုယ့်တိုင်း ကိုယ့်ပြည်ကို ချစ် ချစ်မြတ်နိုးတဲ့စိတ်နဲ့ ပို့ကြမှာပေါ့။ မဖြစ်မနေ ရှာကြံပို့ကြမှာပေါ့။ သို့သော်ငြားလည်း ဒီ အခြေအနေမှာ အဲ့လိုအနေအထားမျိုးတွေ မဟုတ်လာဘူးဆိုတော့ ဟို တော်တော် အခြေအနေက သူတို့မှန်းထားတဲ့အတိုင်း မဖြစ်လာတဲ့ သဘောဖြစ်ပါတယ်။
မေး ။ ။ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးအနေနဲ့ CI လုပ်၊ မလုပ်ဆိုတဲ့အပေါ် ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ ။ ။ အဲ ကျွန်တော့်အနေနဲ့ကတော့ ဟို တိုက်တွန်းဖို့ဆိုတာ မဖြစ် မဖြစ်နိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေ ကျွန်တော် ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ စကားတွေထဲမှာ ပါသွားပါပြီ။ အဲတော့ အလုပ်သမားတွေ ကိုယ်တိုင် လက်ရှိ ဘဝအခြေအနေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ဘာတွေလဲဆိုတာ ကျွန်တော်တို့က အလုပ်သမားထုကြားမှာ သက်တမ်းရင့်ခဲ့တဲ့၊ ကိုယ်ကိုယ်တိုင်လည်း အလုပ်သမား ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် ဒါကို စာနာနားလည်တဲ့အတွက်ကြောင့် ဒီဟာ မင်းတို့ မဖြစ်မနေ သွားလုပ်သင့်တယ်ဆိုတဲ့ စကားလုံးကိုတော့ ကျွန်တော် ဘယ်သောအခါကာလမှ တိုက်တွန်းမှာ မဟုတ်ပါဘူးခင်ဗျ။



