ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်က နယ်စပ်လုံခြုံရေး၊ မြစ်ရေညစ်ညမ်းမှု၊ နိုင်ငံရေးအခြေအနေနှင့် ကုန်သွယ်ရေး အတားအဆီးများကို မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးတွေ့ဆုံရန် မနက်ဖြန် နိုဝင်ဘာ ၁၂ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ရန်ရှိကြောင်း သိရသည်။
ခရီးစဉ်တွင် ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတွင်းလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ချင်းရိုင်ခရိုင်ရှိ ဆိုင်း၊ ကော့နှင့် ရွပ်မြစ်များအတွင်း အာဆင်းနစ်နှင့် လေးလံသောသတ္တုဓာတ်များ စံချိန်ထက် ကျော်လွန်ကာ ရေထုညစ်ညမ်းနေသည့် ပြဿနာကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကြောင့် ထိုင်းပိုင်နက်နှင့် ပြည်သူများ မထိခိုက်စေရေး၊ အာဆီယံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် အကြမ်းဖက်မှုများ လျော့ကျစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် တင်သွင်းခွင့်လိုင်စင် အတားအဆီးများကိုလည်း ဖြေရှင်းသွားရန် မျှော်မှန်းထားသည်။
လက်ရှိတွင် ထိုင်းဘက်မှ သေချာစစ်ဆေးမှုများ ပြုလုပ်နေပြီး ရေထုနှင့် မြေဆီလွှာများကို စစ်ဆေးခြင်း၊ ရေသုံးစွဲ၍ မရပါက အစားထိုး ရေအရင်းအမြစ် ရှာဖွေပေးခြင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် အကြံပေးကုသမှုများ ပေးခြင်းတို့ကို အရေးပေါ် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နေပြည်တော်မှ တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို လာမည့် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ပြန်လည် မျှဝေသွားမည်ဟု ဆီဟာဆက်က ပြောကြားထားကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလကလည်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်နှင့် ထိုင်းပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့တို့ နေပြည်တော်သို့ နယ်စပ်ရေးကိစ္စ လာရောက်ဆွေးနွေးခဲ့သေးကြောင်း သိရသည်။
ကိုးကား-The Nation Thiland




