Homeသတင်းကထိန်ရာသီတွင် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ရောင်းအားကျဆင်း

ကထိန်ရာသီတွင် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ရောင်းအားကျဆင်း

-

မွန်ဒေသတွင်း ကထိန်အလှူပွဲများကို ရိုးရာမပျက် ပြုလုပ်ကြသော်လည်း လှူဖွယ်ပစ္စည်းများ ဝယ်ယူသူနည်းသဖြင့် ရောင်းအားကျဆင်းနေကြောင်း သင်္ကန်းပစ္စည်းအရောင်းဆိုင်များမှ ပြောပြချက်အရ သိရသည်။

နှစ်စဉ် ကထိန်ရာသီတွင် ဗုဒ္ဓဘာသာ အလှူရှင်အများစု သင်္ကန်း၊ ပဒေသာပင် အမျိုးမျိုး၊ လှူဖွယ်အသုံးအဆောင်နှင့် နေ့ဆွမ်းကပ် လှူဒါန်းခြင်းများဖြင့် ဒါနပြုလေ့ရှိသည်။

လတ်တလော စားဝတ်နေရေးအကြပ်အတည်းအပြင် ကထိန်အလှူပုံစံ ပြောင်းလဲလာခြင်းကြောင့် သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ရောင်းအားသိသိသာသာလျော့နည်းလာကြောင်း  မော်လမြိုင်မြို့ သင်္ကန်းအရောင်းဆိုင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အရင်ကလိုမျိုး သင်္ကန်းက အရောင်းမသွက်တော့ဘူးပေါ့။ အခု ကထိန်တွေမှာ ပဒေသာပင်တွေနဲ့ လှည့်မယ်။ အရင်တုန်းကဆိုရင်တော့ ကိုင်တဲ့ပစ္စည်းလေးတောင် ရောင်းရသေးတယ်။ ဆွမ်းအုပ်တို့ ဘာတို့ညာတို့ အဲလိုဟာမျိုးပေါ့။ အခုတော့ ဘာမှမကိုင်တော့ဘဲနဲ့ ဒီအတိုင်း ကနေတော့တာ။” ဟု သူမက ဆိုသည်။

လုံခြုံရေးအခြေအနေကြောင့် ကထိန်အလှူပွဲများကို အကန့်အသတ်ဖြင့်သာ ကျင်းပနေကြရသည့်အပြင် ဒေသအချို့တွင် ပျော်ပွဲရွှင်ပွဲများကိုသာ ဦးစားပေးလုပ်ဆောင်လာသည်။

လက်ရှိ ကထိန်ကာလအတွင်း လှူဖွယ်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်လာနေသဖြင့် ကထိန်မသင်္ကန်းတစ်စုံလျှင် အနည်းဆုံး ၂ သိန်းဝန်းကျင် ဈေးရှိနေပြီး ချည်သား သင်္ကန်းတစ်စုံ ၁ သိန်း ၄ သောင်းမှ ၁၀ သိန်းအထိ  စျေးရှိနေသည်။

ရွာကထိန်အလှူပွဲတွင် ပါဝင်အားဖြည့်နေသူ ကျိုက်မရောဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကဆို သင်္ကန်းကပ်ဖို့အတွက် အိမ်ကမိသားစုဝင်တွေ တစ်ယောက်စီကို သင်္ကန်းတွေဝယ်ပေးဖြစ်တယ်။ အခုတော့ ကုန်ဈေးနှုန်းကြောင့် မတတ်နိုင်တော့ဘူး။ တတ်နိုင်သလောက်ပဲ လှူရတယ်။ သူများလို ပေးကမ်းချင်တာပေါ့” ဟု ဆို သည်။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့အထိ ကထိန်ခင်းကာလအဖြစ် ဗုဒ္ဓဘာသာ ယူဆချက်အရ သတ်မှတ်ထားပြီး မွန်ဒေသအတွင်း ဘုန်းကြီးကျောင်းများတွင် တစ်ဦးချင်းကထိန်၊ စုပေါင်းကထိန်များ ပြုလုပ်လေ့ရှိသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အလှူပစ္စည်းအစား ငွေကြေးများကိုသာ အဓိက ဆက်ကပ်လာကြပြီး ကထိန်ပွဲများလည်း ဘာသာရေးအစား ပျော်ပွဲရွှင်ပွဲများကို ဦးစားပေးလာသဖြင့် ကထိန်အနှစ်သာရ ပျောက်ဆုံးနေကြောင်းလည်း ဒေသခံအချို့က မှတ်ချက်ချကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts