ထိုင်းနိုင်ငံ၏ တော်ဝင်လှေလှော်ပြပွဲကြီး (Royal Barge Procession) ကျင်းပရန် ထိုင်းဘုရင့် ရေတပ်က ပထမအကြိမ် အစမ်းလေ့ကျင့်မှုကို(အောက်တိုဘာ ၂၁ ရက်) က ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် အစမ်းလေ့ကျင့်မှုကို အောက်တိုဘာ ၂၈ ရက်တွင် ဆက်လက် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည့် ဘုရင့်လှေလှော်အခမ်းအနားကြီး စနစ်တကျနှင့် ဘေးကင်းလုံခြုံစွာ ပြီးမြောက်စေရန် ယခုအစမ်းလေ့ကျင့်မှုတွင် လှေလှော်ရာ၌ အချိန်ကိုက်ညီမှု၊ တိကျသေချာသော ရေကြောင်းသွားလာမှုနှင့် ရေယာဉ်များအချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုများကို အဓိကထား လုပ်ဆောင်ခဲ့သည်။
အဆိုပါပြပွဲတွင် တော်ဝင်ဘုရင့်လှေတော် ၅၂ စင်းပါဝင်မည်ဖြစ်ပြီး ရေတပ်ဝန်ထမ်း ၂,၂၀၀ ဦးက လှော်ခတ်မည်ဖြစ်သည်။ လှေတန်းများကို တန်း ၃ ခု၊ ရေကြောင်း ၅ ကြောင်းဖြင့် ဖွဲ့စည်းထားမည်ဖြစ်ပြီး အလျား ၁,၂၈၀ မီတာနှင့် အနံ ၉၀ မီတာခန့် ကျယ်ဝန်းမည်ဖြစ်သည်။
အဓိက တော်ဝင်လှေတော် ၄ စင်း မှ ပင်မတော်ဝင်လှေတော်ဖြစ်သည့် “သုဝဏ္ဏဟံသ” (Suphannahong) လှေတော်နှင့် ကထိန်သင်္ကန်းတော်များ တင်ဆောင်မည့် “အနန္တနာဂရာဇ်” (Anantanakkharat) လှေတော်တို့လည်း ပါဝင်သည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည့် ကထိန်သင်္ကန်းဆက်ကပ်သည့် ရေကြောင်းချီတက်ပွဲကို ရာမ ၈ တံတားမှ အရုဏ်ကျောင်း (Wat Arun) အထိ ကျောက်ဖယားမြစ်ကမ်းနှစ်ဖက်စလုံးမှနေ၍ အများပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန် ထိုင်းဘုရင့်ရေတပ်မှ ဖိတ်ကြားထားသည်။
ယခုအခမ်းအနားကြီးကို ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှည်ကြာသည့် ဘုရင့်(ထုံးတမ်းစဉ်လာများ) နှင့် ရေတပ်သားများ၏ လှော်ခတ်မှု တိကျသေချာမှုတို့ကို ဖော်ထုတ်ပြသရန် ရည်ရွယ်ကြောင်းလည်း သိရသည်။
ကိုးကား- The Nation Thailand




