Homeမေးမြန်းချက်“နောက်ဆုံး အောက်တိုဘာ ထုတ်ပြန်ချက်အရက စက်တင်ဘာကနေ ဖေဖော်ဝါရီအထိ နှစ်လပိုင်း ၂၀၂၇ နှစ်လပိုင်းအထိကတော့ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအဆင့်မှာ ဆက်ပြီးတော့ ရှိနေမယ်ဆိုတာ...

“နောက်ဆုံး အောက်တိုဘာ ထုတ်ပြန်ချက်အရက စက်တင်ဘာကနေ ဖေဖော်ဝါရီအထိ နှစ်လပိုင်း ၂၀၂၇ နှစ်လပိုင်းအထိကတော့ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအဆင့်မှာ ဆက်ပြီးတော့ ရှိနေမယ်ဆိုတာ ဒါကတော့ NOAA က ထုတ်တဲ့ ကွန်ဖာမ် (confirm) ပေါ့နော်။ ပြီးတော့မှ ဇန်နဝါရီကနေပြီးတော့ ဧပြီလအထဲမှာ တစ်လပိုင်းကနေပြီးတော့ လေးလပိုင်းအတွင်းမှာ တဖြည်းဖြည်း အားပျော့လာမယ်။”

-

အားကောင်းလာနေတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ လာမယ့် ဒီဇင်ဘာလဝန်းကျင်မှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်ပြီး ကမ္ဘာ့ဒေသအများအပြားမှာ အပူချိန်မြင့်တက်တာနဲ့ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲတာတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထားပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် တချို့ဒေသတွေမှာ ပုံမှန်ထက် ပိုပူလာပြီး မိုးနည်းတာ၊ မိုးခေါင်တာတွေ ဖြစ်နိုင်သလို တချို့ဒေသတွေမှာတော့ မိုးပိုများပြီး ရေကြီးတာတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာမှာလည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်တာ ရေရှားပါးတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်လဲ။ ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုလုပ်ဆောင်ထားရမလဲဆိုတာကို မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဆရာ ဦးဝင်းနိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်ရှင်။

မေး ။ ။ အယ်နီညိုကြောင့် ရာသီဥတုပူပြင်းလာချိန်မှာ ကျန်းမာရေးကို ဘယ်လို ဂရုစိုက်သင့်လဲ။ 

ဖြေ ။ ။ အဓိကကတော့ ကျန်းမာရေးနဲ့ ပတ်သက်တာဆိုရင် သူက အပူချိန်က မြင့်လာတာပေါ့နော်။ အပူချိန်မြင့်လာတဲ့အခါကျတော့ ဒီတော်ရုံတန်ရုံ ကလေးတွေရော နောက်ပြီးတော့မှ ဒီအသက်အရွယ်ကြီးတဲ့ လူကြီးတွေရော သူတို့အတွက်က အပူချိန်တက်လာပြီ နောက်ပြီးတော့ ရောဂါအခံလေးတွေကလည်း သွေးတိုးတို့၊ နှလုံးတို့ အဲ့လိုမျိုး ရှိပြီဆိုလို့ရှိရင် အပူချိန်မြင့်လာတဲ့ဟာက ကျွန်တော်တို့ အခု မြင့်တဲ့ဟာက တကယ်တမ်းကျတော့ ၃၄၊ ၃၅ ဒီဂရီ ဆဲလ်စီးယပ်လောက်ပဲ ရှိတယ်။ သို့သော် ဒီမိုးတွင်းကာလကြီးမှာ နိမ့်နေတဲ့ အပူချိန် အပူချိန်လျော့နေတဲ့ အချိန်ကနေပြီးတော့ အခု ရုတ်တရက် ပူလာတဲ့ အခါကျတော့ အဲ့ဒီမှာ ရာသီဥတု အပြောင်းအလဲဒဏ်ကို မခံနိုင်ဘူးပေါ့။ မခံနိုင်တဲ့ အခါကျတော့ အပြင်ထွက်တယ်။ အပြင်ထွက်တော့ နေပူတယ်။ နေပူတဲ့ အခါကျတော့ ချွေးထွက် များတယ်။ ကလေးတွေလည်း အိမ်ထဲမှာ ထားပြီးတော့ ကျွန်တော်တို့ အိမ်က လေဝင်လေထွက် မကောင်းဘူးဆိုလို့ရှိရင် ကလေးသူငယ်လေးတွေလည်း စိတ်မချဘူးပေါ့နော်။ ဒီလိုလည်း အန္တရာယ်များတယ်။ လူကြီးတွေကတော့ အပြင်ထွက်တဲ့အချိန် နေပူတဲ့အချိန် မထွက်တာ ကောင်းတယ်။ နေ့လယ်ဘက် ကျွန်တော်တို့ မနက် ၁၁ နာရီ လောက်ကစပြီးတော့ ၂ နာရီ၊ ၃ နာရီလောက်အထိကတော့ အပြင်ကို မထွက်ကြတာ ကောင်းပါတယ်။

မေး ။ ။ မြန်မာမှာ လူသေဆုံးမှုတွေပါ ရှိလာတော့ အရေးပေါ်အခြေအနေတွေမှာရော ဘာတွေ လုပ်ဆောင်သင့်လဲ။

ဖြေ ။ ။ အရေးကြီးတာကတော့ အခု ဒီပုဂ္ဂိုလ်ကတော့ သူက သတိလစ်သွားပြီးတော့မှ ကျွန်တော်တို့ လူက သတိလစ်သွားတယ် နှလုံးခုန်တာ ရပ်သွားတယ်ဆိုရင်တောင်မှ ဦးနှောက်က ချက်ချင်းမသေဘူးလေ။ သူက စက္ကန့် မိနစ်အားဖြင့် ဆိုလို့ရှိရင် တစ်မိနစ်၊ နှစ်မိနစ်လောက် ဒါမှမဟုတ်လို့ရှိရင်လည်း မိနစ် ၄၀ လောက်အထိ တချို့တွေဆိုလို့ရှိရင်တော့ ရတာ တွေ့ဖူးတယ်ပေါ့နော်။ အဲ့တော့ အရင်ဆုံးကတော့ ဒီအရေးပေါ် ကယ်ဆယ်ရေးပေါ့ CPR လုပ်ရမယ်ပေါ့နော် နှလုံးပြန်ခုန်အောင် လုပ်ရမယ်။ ပြီးသွားတော့မှ ချက်ချင်း ဆေးရုံ ပို့ရမယ် စသဖြင့်ပေါ့နော်။ အဲ့လိုမျိုး ဒါကတော့ ကျန်းမာရေးဝန်ထမ်းတွေ လုပ်ရမယ့် အလုပ်ပေါ့။ ကျွန်တော်တို့ကတော့ အပူချိန်ပြင်းလာတယ်၊ အပြင်မထွက်ကြပါနဲ့ ဒီလောက်ပဲ ကျွန်တော်တို့ တားလို့ရတာပေါ့။

မေး ။ ။ မြို့ပြနဲ့ ကျေးလက်နေ လူထုအပေါ် အယ်နီညိုရဲ့ သက်ရောက်မှုက ကွဲပြားမလား။ 

ဖြေ ။ ။ အဓိကကတော့ မြို့ပြ၊ မြို့ပြအရင်ပြောမယ်ဆိုရင် မြို့ပြမှာက ကျွန်တော်တို့ လမ်းတွေဆိုလို့ရှိရင်လည်း အပူစုပ်တဲ့လမ်းတွေ နည်းသွားတယ်။ ကျွန်တော်ပြောချင်တာက ကွန်ကရစ်လမ်းတွေ များလာတာပေါ့နော်။ များလာတော့ အဲ့ဒါတွေက အပူပြန်တာတွေ များတယ်။ နောက်တခုက မီးလာတဲ့အချိန်မှာပဲ အခုဆိုလို့ရှိရင်လည်း ဘာပဲပြောပြော လေးနာရီတော့ အဲကွန်းသုံးကြမှာပဲ။ အဲကွန်းသုံးကြတဲ့အခါကျတော့ အဲကွန်းတွေက ထွက်တဲ့ အပူငွေ့တွေ ဒါတွေနဲ့ဆိုတော့ မြို့ပြက အပူချိန်က ပိုပြီးတော့ မြင့်နိုင်တယ်။ ကျေးလက်ဒေသတွေမှာ ကျတော့ ကျေးလက်တောရွာတွေမှာ ကျတော့ သူက သဘာဝပတ်ဝန်းကျင်က မြို့ပြထက် အများကြီး ပိုပြီး အခြေအနေကောင်းတယ်။ အခြေအနေကောင်းတယ်ဆိုတဲ့အခါကျတော့ အဲ့ဒီမှာကတော့ အပူချိန်မမြင့်နိုင်ဘူး။ နောက်တခုက လေကွယ်နေတဲ့ တိုက်တာတွေ မရှိဘူး။ သစ်ပင်တွေလောက်ပဲ ရှိတယ်။ လေကာ သစ်ပင်တွေလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ဒီမြို့ပြက အပူချိန်ဓာတ်တော့ အများကြီး တက်လာမယ်။ မြို့ပြလူထုက ပိုပြီးတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီကျေးရွာတွေမှာကတော့ နောက်ဆုံး အညဒေသ ဖြစ်ရင်တောင်မှ သူ့ဒေသနဲ့သူ ဒီအပူချိန်ကို ခံနိုင်ရည်ရှိတဲ့ လူတွေ ဖြစ်နေတာကိုး။ အပူချိန် ခံနိုင်ရည်ရှိတယ်။ ဒီမြို့ပြကလူတွေကတော့ ဖြူဖြော့ပြီးတော့ ကျန်းမာရေးမကောင်းတဲ့လူက ပိုများတယ်။ အပူချိန်ကလည်း မြင့်တယ်ဆိုတော့ မြို့ပြကတော့ မြို့ပြလူတန်းစားကတော့ ပိုပြီး ခံရမယ်။ ကျေးရွာလူတန်းစားတွေကတော့ သက်သာပါမယ်ဗျ။

မေး ။ ။ မြန်မာ့စိုက်ပျိုးရေးကဏ္ဍအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။ 

ဖြေ ။ ။ စိုက်ပျိုးရေးအပေါ်မှာက အဓိကကတော့ မိုးပေါ့နော်။ မိုးရေက ကျွန်တော်တို့ အခုလောလောဆယ်မှာ ဒီ အောက်တိုဘာရဲ့ ထုတ်ပြန်ချက်ပေါ့။ နောက်ဆုံး အောက်တိုဘာ ထုတ်ပြန်ချက်အရက စက်တင်ဘာကနေ ဖေဖော်ဝါရီအထိ နှစ်လပိုင်း ၂၀၂၇ နှစ်လပိုင်းအထိကတော့ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအဆင့်မှာ ဆက်ပြီးတော့ ရှိနေမယ်ဆိုတာ ဒါကတော့ NOAA က ထုတ်တဲ့ ကွန်ဖာမ် (confirm) ပေါ့နော်။ ဒါကတော့ သူတို့ တရားဝင် ထုတ်ပြန်ချက် လုပ်ထားတယ်။ ပြီးတော့မှ ဇန်နဝါရီကနေပြီးတော့ ဧပြီလအထဲမှာ တစ်လပိုင်းကနေပြီးတော့ လေးလပိုင်းအတွင်းမှာ တဖြည်းဖြည်း အားပျော့လာမယ်။ အားပျော့လာပြီးတော့ မတ်ကနေပြီးတော့ ဇွန်လထဲမှာ ကျွန်တော်တို့ မိုးလည်းစပြီးတော့ ဝင်နိုင်တဲ့ အခြေအနေရောက်ပြီးဆိုလို့ရှိရင် ဒီအယ်လ်နီညိုက နျူထရယ်ကို ပြန်ပြီးတော့ ပြောင်းသွားမှာ။ ပြောင်းသွားမယ်ဆိုတော့ အဲ့ဒီ ရာသီဥတု ကြိုတင်ခန့်မှန်းချက်တွေကို စိုက်ပျိုးရေး လုပ်ကိုင်နေကြရတဲ့ ပုဂ္ဂိုလ်များ သိဖို့လိုတယ်။ ဒါအပြင်ကို ရာသီဥတု ခန့်မှန်းချက်ကတော့ သုံးလေးလ ကြိုတင်ပြီးတော့ ခန့်မှန်းတာပေါ့။ သေချာတာကတော့ အပူချိန် ပြင်းမယ်။ အထူးသဖြင့် ဒီမိုးခေါင်ရေရှားဒေသတွေပေါ့နော်။ အလယ်ပိုင်း ကျွန်တော်တို့ မကွေးတိုင်းတို့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ မန္တလေးတိုင်းတို့ ဒီနေရာတွေကတော့ အပူပိုပြီးတော့ ပြင်းမယ်။ ကျွန်တော်တို့ အောက်ဘက် တောင်ပိုင်းပေါ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နောက်ပြီးတော့မှ တနင်္သာရီတိုင်းလည်း အပူချိန်ကတော့ ပြင်းနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အီကွေတာနဲ့ ပိုနီးတာကိုး။ နီးတယ်ဆိုတဲ့ အခါကျတော့ သူက အပူချိန် ပိုပြီး ပြင်းနိုင်တယ်။ အဲ့တော့ အပူချိန် ပြင်းနိုင်တဲ့ အဲနေရာတွေမှာ ဒီအပူချိန်ပြင်းတာကို ခံနိုင်ရည်ရှိတဲ့ သီးနှံမျိုးတွေ စိုက်ပျိုးရေး ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ရွေးဖို့လိုတယ်။ နောက်ပြီးတော့ ရေချွေတာ သုံးဖို့ လိုတယ်။ အဲ့တော့ ရေချွေတာ သုံးဖို့ဆိုတာ အခုအချိန် ကတည်းက တချို့တွေလည်း ရေစုဆောင်းနေကြတာ တွေ့တယ်။ အဲတချို့တွေကျတော့လည်း ရေစုဆောင်းမယ် လုပ်တော့မှ မိုးမရွာတော့တဲ့အတွက် မိုးရေစုဆောင်းဖို့ အခက်အခဲတွေ ဖြစ်လာတာလည်း တွေ့တယ်။ ဆိုတော့ ရေ စုဆောင်းမယ်။ ရေကို ချွေတာပြီးတော့ သုံးမယ်။ ကျွန်တော်တို့ အစက်ချတဲ့ နည်းတို့ နောက်ပြီးတော့မှ ရေကို ချွေတာပြီးတော့ အချိန်နဲ့ လွှတ်ပေးပြီးတော့ ဖြန်းတဲ့နည်းတို့ စသဖြင့်ပေါ့နော် ဒါမျိုးတွေ သုံးပြီး လုပ်ဖို့ဆိုရင် အဲ့ဒါတွေသည် ဒီစိုက်ပျိုးရေးပညာရှင်တွေနဲ့ပါ ထိတွေ့ပြီးတော့ သူတို့ကိုပါ အကြံပြုချက်တွေ ယူပြီးတော့ ဆက်လုပ်ဖို့ လိုပါတယ်။ သေချာတာကတော့ အယ်လ်နီညိုဖြစ်တဲ့ ခုနကပြောတဲ့ စက်တင်ဘာလက နေပြီးတော့ ဖေဖော်ဝါရီလအတွင်းမှာကတော့ အားအလွန်ကောင်းတဲ့အဆင့် ရှိမှာမို့လို့ အပူချိန်ကတော့ မြင့်မှာ။ နောက်တစ်ခုက အပူလှိုင်းဖြတ်တယ်တို့ ဘာတို့ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ အဲ့ဒီအချိန် မိုးလေဝသ ခန့်မှန်းချက်တွေအရ ရက်ဆက် အပူချိန်သည် ဆိုပါတော့ ၄၀၊ ၄၅ ဒီဂရီကနေပြီးတော့ ၅၀ ဒီဂရီနားလောက်အထိ အထူးသဖြင့်တော့ မကွေးတိုင်းပေါ့နော်။ အဲ့ဒီအချိန်တွေမှာ မြင့်လာပြီဆိုလို့ရှိရင်တော့ ဆက်တိုက်လည်း ဖြစ်တယ်ဆိုလို့ ရှိရင်တော့ အပူလှိုင်းဖြတ်တယ်ဆိုတာကို ကျွန်တော်တို့လည်း ပြောပြပေးမယ်။ ဒီသက်ဆိုင်ရာ တရားဝင် မိုးလေဝသဌာနတွေကလည်း ကြေညာပေးမှာပါပဲ။ အဓိကကတော့ အပူချိန်ကို သတိထားဖို့ပါပဲ ခင်ဗျာ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts