Homeမေးမြန်းချက်“ကျွန်တော်တို့သည် နိုင်ငံခြားသားများ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ တရားဝင် စာရွက်စာတမ်း အထောက်အထားများကို စနစ်တကျ မှန်ကန်စွာ ပြုလုပ်ထားဖို့၊ ပြီးရင်...

“ကျွန်တော်တို့သည် နိုင်ငံခြားသားများ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ တရားဝင် စာရွက်စာတမ်း အထောက်အထားများကို စနစ်တကျ မှန်ကန်စွာ ပြုလုပ်ထားဖို့၊ ပြီးရင် မှန်ကန်သော ထိုင်းချွေးပေါက် ခွင့်ပြုထားသော အလုပ်ကိုင်များကိုသာ လုပ်ကိုင်ကြဖို့၊ အဲလိုမျိုး ကျွန်တော်တို့ တရားဥပဒေနဲ့အညီ နေထိုင်မယ်ဆိုရင် လက်ရှိဥပဒေအရ ကျွန်တော်တို့ကို ဒါ အကြီးအကျယ်ကြီး ပတ်သက်စရာ အကြောင်းမရှိပါဘူး။”

-

ထိုင်းနိုင်ငံတွင် ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်ရန် သတ်မှတ်ထားသည့် နည်းဥပဒေသစ်ကို ထိုင်းဝန်ကြီးချုပ် အနုထင်က ဩဂုတ်လ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ်လ ၂၈ ရက်ကစ၍ အသက်ဝင်လာသည်။

နည်းဥပဒေသစ်တွင် တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း၊ နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေနှင့် မညီဘဲ အလုပ်လုပ်ခြင်း၊ နိုင်ငံခြားသား စီးပွားရေးဆိုင်ရာ ဥပဒေ ချိုးဖောက်ခြင်း (ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် ကန့်သတ်အလုပ်များ လုပ်ကိုင်ခြင်း)၊ အစိုးရ စာရွက်စာတမ်း အတုပြုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ၅ နှစ်ထက်ပိုသော ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အထက်ပါ ပြစ်မှုများတွင် ပါဝင်ကူညီပေးခြင်းတို့ ပါဝင်ပြီး ချိုးဖောက်လျှင် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရပြီး ပြည်နှင်ဒဏ်ပေးနိုင်သည်။

ထိုင်းက အသစ်ပြဋ္ဌာန်းလိုက်သည့် နည်းဥပဒေသစ်နှင့် ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ၊ မြန်မာရွှေ့ပြောင်းလုပ်သားများ ဘယ်လို ပြုမူနေထိုင်သင့်သလဲဆိုတာကို မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ဝန်ကြီးချုပ်က လက်မှတ်ထိုးပြဋ္ဌာန်းလိုက်တဲ့ဥပဒေကြောင့် ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဖြေ ။ ။ မူလကတည်းကလည်း ကျွန်တော်တို့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လုပ်သားတွေအကုန်လုံးဟာ သူ့ရဲ့ တည်ဆဲဥပဒေအရ တရားဝင် စာရွက်စာတမ်းများ မမှန်ကန်တာတွေ၊ အလုပ်ကိုင် မှားယွင်းတာတွေ အမြဲတမ်း သူက စစ်ဆေး အရေးယူပြီး နေရပ်ရင်း ပြန်ပို့နေတာ ရှိခဲ့ပြီးသားပါ။ သို့သော် ဒီတကြိမ်မှာတော့ အစိုးရကိုယ်တိုင် ဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးမှ အတည်ပြုလိုက်တဲ့အတွက်ကြောင့် ဒီအခြေအနေဟာ ပိုမိုပြီးမှ ကျွန်တော်တို့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုလို့ ကျွန်တော် သုံးသပ်ချင်ပါတယ် ခင်ဗျ။ မူလက ဥပဒေအဖြစ် တရားဝင် အတည်ပြုပြဋ္ဌာန်းခြင်း မရှိသေးတာတောင်မှ နေ့စဉ်ရက်ဆက်ဆိုသလို ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခု ရှိတယ်။ အမြဲတမ်း စစ်ဆေးအရေးယူပြီးမှ နေရပ်ရင်းကို ပြန်ပို့နေတဲ့ အနေအထားကလည်း မူလကတည်းက ဖြစ်နေတဲ့ကိစ္စပါ။ အခုတော့ တရားဝင် ဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပြီဆိုတော့ ကျွန်တော် ထင်ပါတယ်။ သူတို့ပြောတာကတော့ သူတို့နိုင်ငံရဲ့ လုံခြုံရေးအရ၊ သူတို့နိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လုပ်သားတွေ အလွန်များနေတဲ့အခါမှာ ဥပဒေအရ စနစ်တကျ နေထိုင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်တယ်လို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော်ထင်ပါတယ် ဥပဒေ မပြဋ္ဌာန်းခင်နဲ့စာရင် ဥပဒေပြဋ္ဌာန်းပြီးတဲ့အခါမှာ ပိုမိုပြီး ထိထိရောက်ရောက် လုပ်ဆောင်လာလိမ့်မယ်လို့ ကျွန်တော် ဒီလိုပဲ သုံးသပ်မိပါတယ်။

မေး ။ ။ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဘက်ကရော ဘာတွေကို သတိထားရမလဲ။

ဖြေ ။ ။ နံပါတ် ၁ အပိုင်းကတော့ ကျွန်တော်တို့သည် နိုင်ငံခြားသားများ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ တရားဝင် စာရွက်စာတမ်း အထောက်အထားများကို စနစ်တကျ မှန်ကန်စွာ ပြုလုပ်ထားဖို့၊ ပြီးရင် မှန်ကန်သော ထိုင်းချွေးပေါက် ခွင့်ပြုထားသော အလုပ်ကိုင်များကိုသာ လုပ်ကိုင်ကြဖို့၊ အဲလိုမျိုး ကျွန်တော်တို့ တရားဥပဒေနဲ့အညီ နေထိုင်မယ်ဆိုရင် လက်ရှိဥပဒေအရ ကျွန်တော်တို့ကို ဒါ အကြီးအကျယ်ကြီး ပတ်သက်စရာ အကြောင်းမရှိပါဘူး။ အကယ်၍များ ကျွန်တော်တို့ကိုယ်တိုင်က တရားဝင် စာရွက်စာတမ်းတွေ မမှန်ကန်တာတို့၊ သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေ မလုပ်ကိုင်ဘဲနဲ့ မှားယွင်းတဲ့ အလုပ်တွေ လုပ်မယ်ဆိုရင်တော့ သူ့ရဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပြီးမှ နေရပ်ရင်းကို ပြန်ပို့ခံရမှာဖြစ်တဲ့အတွက်ကြောင့် ဒါ ကျွန်တော်တို့ဘက်က ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားတွေရော၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လုပ်သားတွေရော အားလုံး အထူးဂရုပြုပြီး လေ့လာရမယ့် ကိစ္စဖြစ်တယ်လို့ ကျွန်တော် သုံးသပ်လိုပါတယ်။

မေး ။ ။ အခုနောက်ပိုင်း တရားဝင်နေထိုင်ခွင့်အထောက်အထားရဖို့ ရွှေ့ပြောင်းလုပ်သားတွေမှာ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

ဖြေ ။ ။ တော်တော်ခက်ခဲလှတယ်။ တော်တော်ခက်ခဲလှတယ် ဆိုတာက ဟိုးလွန်ခဲ့တဲ့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ ဝန်းကျင်မှာ ကျွန်တော်တို့ ထိုင်းနိုင်ငံ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးကို ဆောင်ရွက်တဲ့အခါမှာ သိပ်ခက်ခဲမှု မရှိဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းရှင်ကိုယ်တိုင်ကနေပြီးမှ သူ့ရဲ့ ငှားရမ်းမယ့် နိုင်ငံခြားသား ကမ္ဘောဒီးယားလား၊ လာအိုလား၊ ဗီယက်နမ်လား၊ မြန်မာလား အားလုံးကို ခေါ်ဆောင်သွားပြီးရင် ဒီ One Stop Service Center တွေမှာ တစ်ခါတည်း အလုပ်လုပ်လိုက်တာနဲ့ ဒီလုပ်ငန်းစဉ်တွေ အားလုံး မှန်မှန်ကန်ကန်နဲ့ ပြီးမြောက်သွားပါတယ်။ အခုအချိန်မှာတော့ ထိုင်းအစိုးရ လုပ်သားဝန်ကြီးကိုယ်တိုင် ဝန်ကြီးဌာနကနေပြီးတော့ ကိုယ်တိုင်မလုပ်ပေးတော့ဘဲနဲ့ ဒီ Outsourcing လို့ခေါ်တဲ့ ဒီပုဂ္ဂလိက လုပ်ငန်းတွေကို ပြန်လွှဲပြောင်းပေးလိုက်တဲ့အခါမှာ လုပ်ငန်းစဉ် Process က တအားကြီးကို ရှုပ်ထွေးပွေလီနေပြီးမှ ဒီကြားမှာလည်း အဆင့်ဆင့် ဖြတ်ကျော်နေရတဲ့အတွက်ကြောင့် ဒီပွဲစားတွေရဲ့၊ အေဂျင်စီတွေရဲ့ ခေါင်းပုံဖြတ် စုတ်ယူမှုတွေကို အများကြီး ခံစားနေရတာကို ကျွန်တော်တို့ တွေ့ရပါတယ် ခင်ဗျ။

မေး ။ ။ ထိုင်းအစိုးရဘက်ကတော့ တတိယနိုင်ငံကို သွားလို့လဲရတယ်လို့ ပြောထားတာတွေ့ပါတယ်။ ဒါကရော ဘယ်လိုဖြစ်နိုင်ပါသလဲ။

ဖြေ ။ ။ စကားလုံး လှလှသုံးထားတာပါ။ နိုင်ငံတကာကို ပြောချင်တာကတော့ ဒီရွှေ့ပြောင်းလုပ်သားတွေက သူတို့အတွက် အရမ်းကို အန္တရာယ်ရှိတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုရင် နေရပ်ရင်းကို အတိအကျ ပြန်မပို့ဘဲနဲ့ တတိယနိုင်ငံလို ခေါ်ယူမယ့်နိုင်ငံ ရှိတယ်၊ ခေါ်ယူမယ့် အဖွဲ့အစည်းတွေ ရှိမယ်ဆိုရင် ကုန်ကျစရိတ်ခံပြီးမှ သူက ခေါ်ယူသွားလို့ရတယ်လို့ ပြောတာပါ။ တကယ်တမ်းကျတော့ အားလုံး ကျွန်တော်တို့ မီဒီယာတွေလည်း သိပြီးသားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေက ထိုင်းနိုင်ငံကို ရောက်လာတဲ့အခါမှာ နိုင်ငံတကာအဆင့် ပညာရှင်တွေအနေနဲ့ ရောက်လာတာ မဟုတ်ဘဲနဲ့ သာမန် ရွှေ့ပြောင်းလုပ်သား၊ အခြေခံလူတန်းစားတွေပဲ ရောက်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုချိတ်ဆက်မလဲ၊ ဥပမာ UNHCR တို့၊ နောက်တစ်ခု ILO တို့ ဘယ်လိုချိတ်ဆက်မလဲ၊ အဲဒါတွေကလည်း ခက်ခဲရှိပါတယ်။ အဲဒါတွေက အနာဂတ်မှာ ဝေးပါသေးတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts