Home မေးမြန်းချက် "အယ်လ်နီညိုဖြစ်စဉ်ဟာ အခုအောက်တိုဘာလမှာ Strong to Very Strong အဆင့်ကို စတင်ရောက်နေပါပြီး။ လာမယ့်လတွေမှာ အယ်လ်နီညိုအဓိက ဖြစ်ပေါ်စေတဲ့ အီကွေတာအနီးက...

"အယ်လ်နီညိုဖြစ်စဉ်ဟာ အခုအောက်တိုဘာလမှာ Strong to Very Strong အဆင့်ကို စတင်ရောက်နေပါပြီး။ လာမယ့်လတွေမှာ အယ်လ်နီညိုအဓိက ဖြစ်ပေါ်စေတဲ့ အီကွေတာအနီးက ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က လက်ရှိအခြေအနေ ပိုတိုး ပိုဆိုးလာနိုင်ပါတယ်ဗျ။"မိုးလေဝသနှင့် ဇလဗေဒ သုတေသီ ဒေါက်တာစိုင်းခွန်အာကာ

အယ်လ်နီညိုဖြစ်စဉ်သည် ယခု အောက်တိုဘာလမှစ၍ အလွန်အားကောင်းသည့် စူပါအယ်လ်နီညို (Super El Niño) အဆင့်သို့ စတင်ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ သုတေသီများ၏ ပြောကြားချက်အရ သိရသည်။

လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန်သည် အမြင့်ဆုံး စံချိန်တင် မြင့်တက်လာမည် ဖြစ်သည်။ ထို့ကြောင့် ဆောင်းရာသီနှင့် နွေရာသီအတွင်း ပုံမှန်ထက် ပူပြင်းသည့် အပူလှိုင်းများ ခါးသီးစွာ ကြုံတွေ့ရနိုင်သည်။

အယ်နီညိုရာသီဥတုဖြစ်စဉ်၏ သဘောတရားအပြင် နေ့စဉ် သဟဇာတ နေထိုင်နိုင်ရန် ပြည်သူများ ဆောင်ရန်ရှောင်ရန် လိုက်နာနိုင်ရန် IMNA မှ မိုးလေဝသနှင့် ဇလဗေဒ သုတေသီ၊ လေထုသိပ္ပံပညာရှင် ဒေါက်တာစိုင်းခွန်အာကာနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။အယ်နီညိုဖြစ်စဉ်က အခုဆိုရင် ဘယ်အဆင့်ကို ဆက်လက်ဖြစ်ပေါ်နေတာရှိလဲ ဘယ်လောက်အထိ စိုးရိမ်စရာရှိပါသလဲ။

ဖြေ။ ။အယ်လ်နီညိုဖြစ်စဉ်က လက်ရှိအောက်တိုဘာလမှာ Strong to Very Strong အလွန်အားကောင်းတဲ့ အယ်လ်နီညို (တစ်နည်းအားဖြင့် အများအခေါ် စူပါအယ်လ်နီညို) အဆင့် စတင်ရောက်ရှိနေပါပြီး လာမယ့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညိုအဓိက ဖြစ်ပေါ်စေတဲ့ အီကွေတာအနီးက ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က လက်ရှိအခြေအနေ ပိုတိုး ပိုဆိုးလာနိုင်ပါတယ်ဗျ။

မေး။ ။ ကုန်းမြေဒေသ အတော်များများမှာ ပုံမှန်ထက် အပူချိန် ပိုမြင့်တက်နိုင်တယ်လို့ မိုးလေဝသဌာနတွေ သတိပေးထားတော့၊ အပူချိန်နဲ့ပတ်သတ်ပြီး ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ။ ။ မေလကစပြီး အီကွေတာအနီးက ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်အခြေအနေထက် +0.7 °C ခန့်မှ စတင်တိုးလာကာ ဇွန်လမှာ (+1.1 °C)၊ ဇူလိုင်လမှာ (+1.7 °C)၊ သြဂုတ်လမှာ (+2.3 °C) နဲ့ စက်တင်ဘာလမှာ (+2.5 °C) အပူချိန်တိုးလာခဲ့ပြီး အောက်တိုဘာလအထိ ကျနော် ကြိုတင်ခန့်မှန်းပေးထားခဲ့သလို တောက်လျှောက် မြန်မြန်ဆန်ဆန် အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ အယ်နီညိုက ရှေ့ဆက် ဘယ်ကာလအထိ ဆက်လက်အားကောင်းနေနိုင်ပါသလဲ။

ဖြေ။ ။ အမြင့်ဆုံး ရောက်ရှိနိုင်မည့် အချိန်က နောက်လ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ အပူချိန်အညွှန်းကိန်း +3.7 °C မှ +3.8 °C ခန့်အထိ အမြင့်ဆုံးစံချိန် ရောက်ရှိနိုင်မယ်လို့ ကျနော်ရော ကမ္ဘာ့မိုးလေဝသမော်ဒယ်အများစုကပါ ခန့်မှန်းထားကြပါတယ်။ နောက်ပိုင်း အခြေအနေအနေနဲ့၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလထဲမှာ (+3.5 °C) နဲ့အောက်ကို ပြန်လည်ကျဆင်းလာနိုင်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ (+2.9 °C) နဲ့ မတ်လထဲမှာ (+2.3 °C) အထိ ပြန်လည်ကျဆင်းသွားနိုင်ပေမယ့် အယ်လ်နီညို အခြေအနေ အားကောင်းစွာ ဆက်လက်တည်ရှိနေနိုင်ပါသေးတယ်။ ပြန်ကျသွားတဲ့အပူချိန်အညွှန်းကိန်းတွေကလဲ အားကောင်းတဲ့အခြေအနေ Strong level ထဲမှာပဲ ရှိနေသေးလို့ပါ။

မေး။ ။ဒီလိုအစွန်းရောက်ရာသီဥတုဖြစ်စဉ်မှာ နေ့စဉ် သဟဇာတ နေထိုင်နိုင်ဖို့ ပြည်သူတွေ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေကိုလည်း ဆရာအကြံပြုပေးပါအုံးရှင့်။

ဖြေ။ ။ စိုးရိမ်စရာ အချက်တွေက – (၁) အလွန်အမင်း အပူချိန် မြင့်မားမယ်။ နွေရာသီမရောက်မီ၊ လာမယ့် ဆောင်းတွင်းပိုင်းထဲမှာရော လာမယ့် နွေရာသီထဲမှာပါ ပုံမှန်ထက် ပူပြင်းတဲ့ အပူလှိုင်းတွေ (Heatwaves) ကြုံတွေ့ရနိုင်ပြီး အပူဒဏ်ကြောင့် မူးမေ့တာ၊ သွေးတိုးတာတွေနဲ့ အပူလျှပ်တာတွေ (Heatstroke) ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။

(၂) စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေ ရှားပါးမယ်။ မိုးရွာသွန်းမှုတွေ ပုံမှန်ရွာနှုန်းအောက် သိသိသာသာ လျော့ကျရွာသွန်းတာ၊ ရွာတဲ့နေရာတွေမှာလဲ ရေကြီးတဲ့အထိ ရွာတတ်တာ၊ မရွာတဲ့နေရာ ရေရှားတဲ့အထိ မရွာတာမျိုးတွေ ဖြစ်နိုင်လို့ သီးနှံအထွက်နှုန်း ထိခိုက်တာ၊ စိုက်ပျိုးရေ မလုံလောက်တာတွေနဲ့ သီးနှံဖျက်ပိုးတွေ ပိုပီးကျရောက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

(၃) သောက်သုံးရေနှင့် စွမ်းအင် ရှားပါးမှုပြသနာတွေ ဖြစ်နိုင်ပါတယ်။ ရေတွင်းရေကန်တွေ မြစ်တွေချောင်းတွေ နဲ့ ရေလှောင်တမံတွေမှာ ရေခန်းခြောက်နိုင်တဲ့အတွက် အပူချိန်မြင့်မားမှုကြောင့် ရေငွေ့ပျံနှုန်း မြန်ဆန်ပြီး လှောင်ထားတဲ့ရေတွေတောင် လျော့ကျသွားတတ်တာကြောင့် သောက်သုံးရေ ပြတ်လပ်တာတွေနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကဏ္ဍတွေပါ လျော့နည်းသွားနိုင်ပါတယ်။

(၄) တောမီးလောင်တာနဲ့ လေထုညစ်ညမ်းမှုကိစ္စတွေ ပိုပြီး အဖြစ်များလာနိုင်ပါတယ်။ အယ်လ်နီညို အလွန်အားကောင်းတဲ့အခြေအနေမှာ ပူပြင်းခြောက်သွေ့မှုကြောင့် တောမီးလောင်နိုင်ခြေ ပိုများပြီး တောမီးမဟုတ်တဲ့ အပူဒဏ်ကြောင့် ဖြစ်တဲ့ တခြားမီးလောင်မှုတွေပါ ပိုပြီး အဖြစ်များလာနိုင်ပါတယ်။ အဲ့ဒီကထွက်တဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုတွေပါ ပူးတွဲ ဖြစ်လာနိုင်ပါတယ်။

(၅) အပေါ်က အချက်တွေအပြင် ကျန်းမာရေး ပြဿနာတွေလဲ ဖြစ်နိုင်ပါသေးတယ်။ သောက်သုံးရေရှားပါးမှုပြဿနာကြောင့် မသန့်ရှင်းတဲ့ ရေတွေ သောက်မိရာကတဆင့် ကူးစက်တတ်တဲ့ ဝမ်းရောဂါတွေ၊ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ တခြားကူးစက်ရောဂါတွေနဲ့ ကလေးငယ်/သက်ကြီးရွယ်အို လူကြီးတွေမှာ ရေဓာတ်ခမ်းခြောက်တဲ့ ပြဿနာတွေပါ ပူးတွဲဖြစ်လာနိုင်ပါတယ်။

Enable Notifications OK No thanks