ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် လေးမွှာပူး ကိုယ်ဝန်ဆောင် ကရင်အမျိုးသမီးကို ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနမှ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကိုယ်ဝန်ဆောင် အယောက် ၇၀၀,၀၀၀ တွင် ၁ ယောက်သာ တွေ့နိုင်သည့် ကြုံတောင့်ကြုံခဲဖြစ်စဉ်ဖြစ်ပြီး ထိုင်းနိုင်ငံ ဆေးပညာလောက၏ ပထမဆုံးအတွေ့အကြုံနဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်ဟု ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာ နရဲင်း ချိုးတိရို့တ်နိရမစ်က ဆိုသည်။

ဒေါက်တာ နရဲင်း ချိုးတိရို့တ်နိရမစ်က အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည့် “ကိုယ်ဝန် ၁ ခု၊ နှလုံးသား ၄ ခု” ဟု အမည်ပေးထားတဲ့ သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့သည်။
ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်မှ အသက် ၃၃ နှစ်ရွယ် နန်းထိသီကန် ဆီရိရတ်ဆပ် ဆိုသည့် ကရင်တိုင်းရင်းသူအမျိုးသမီးသည် အမြွှာကလေး ၃ ယောက် ကိုယ်ဝန်ဆောင်ထားပြီး မဲ့စရီးယန်းဆေးရုံတွင် ဆေးဝါးထောက်အကူပစ္စည်း မပြည့်စုံခြင်းကြောင့် ကိုယ်ဝန် ၂၃ ပတ်အရွယ်တွင် ချင်းမိုင် မဟာရတ်ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့သည်။
ချင်းမိုင်ခရိုင် မိခင်နှင့် သန္ဓေသားအထူးကု ဆရာဝန်ကြီးများအဖွဲ့ (MFM) က နောက်ထပ် အာထရာ ဆောင်းရိုက်ပြီး စစ်ဆေးရာတွင် ၄ မွှာပူးဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
ကလေး ၄ ယောက်လုံးသည် သန္ဓေအိတ်ကိုယ်စီရှိသော်လည်း အချင်းတခုတည်းကို ပူးတွဲသုံးစွဲနေသည်ကို တွေ့ရပြီး အလွန်ရှုပ်ထွေးပြီး ဘေးအန္တရာယ်နှင့် အလွန်နီးသည့် ကိုယ်ဝန်ဆောင်အမျိုးအစားဟုလည်း ဆိုသည်။
ထို့နောက် MFM အထူးကုဆရာဝန်ကြီးတွေက ချင်းမိုင်မဟာရတ်ဆေးရုံကြီးမှာ ဆေးရုံ တက်စေခဲ့ပြီး အနီးကပ်ပြုစုစောင့်ရှောက်ပြီး ကိုယ်ဝန် ၂၉ ပတ် နဲ့ ၅ ရက်တွင် ခွဲစိတ်မွေးဖွားမှု အောင်မြင်ခဲ့သည်။
အမွှာကလေး ၄ ဦးစလုံး သမီးငယ်များဖြစ်ကြ၍ မိဘ အဘိုးအဘွားများထံ ကျန်းမာစွာနဲ့ ဖွံ့ဖြိုးကြီးထွားလာပြီး အမည်များကို နောင့်အိုင်ဒီယာ၊ နောင့်အိုင်ဝါ၊ နောင့်အိုင်ဒါနဲ့ နောင့်အိုင်ယာဟု အသီးသီး မှည့်ထားသည်။
ကိုးကား-ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန




